သင်္ခါရကောင်းကင်အောက်က စွဲထင်ကျန်ရစ်နေသော နှလုံးလှရုပ်ပုံလွှာများ

265030_10150253611569237_7942855_n

ကျွန်မနားမှာ အမျိုးထဲက မိန်းမ အုပ်ကြီး ဝိုင်းနေတာ ဟောင်ကောင်ပြန် လက်ဆောင် တောင်းဖို့ မဟုတ်ပါဘူး။ သူတို့ကြိုက်တဲ့ ကိုရီးယားမင်းသား ဘေယောင်ဂျွန်းနဲ့ ကျွန်မ တိုက်တိုက် ဆိုင်ဆိုင် ဟောင်ကောင်မှာ တွေ့တဲ့ အကြောင်းကို မနာလိုစွာ နားထောင်ဖို့ပါ။ ကျွန်မက ရင်ခုန်စရာကောင်း အောင် ပြောလေ ကိုရီးယား ခရေစီ ဖြစ်တဲ့ သူတို့တွေက တောက်တခေါက်ခေါက်နဲ့ ကိုရီးယားကား မကြည့်တဲ့ ကျွန်မနဲ့မှ ဆုံလေခြင်းလို့ ယူကြုံးမရ ဖြစ်လေပါပဲ။ ကျွန်မနဲ့ ဘေယောင်ဂျွန်း အတူတူ ရိုက်ထားတဲ့ပုံကို ကြည့်ပြီး တစ်ယောက်တစ်မျိုး ကောက်ချက်တွေ၊ မှတ်ချက်တွေ ပေးနေလိုက်ကြတာများ သူတို့ကို မရယ်မိအောင် မနည်းအောင့် ထားရတယ်။ ဓာတ်ပုံက လက်ဆင့် ကူးကောင်းနေ တုန်းမှာ သမီးဖြစ်တဲ့ အိန်ဂျယ်ကျော်က ”မေမေ ရယ် တော်ပါတော့။ အဲဒါပဲ ပြနေတာပဲ၊ ရှက်စရာကြီး” လို့ဆိုပြီး ဝင်တားရင်းနဲ့ ”အဲဒါ ဖယောင်း ရုပ်တုပါ၊ တခြားရုပ်တုထွေနဲ့ ရိုက်ထားတာလဲ ရှိသေးတယ်။ မေမေက လျှောက်စနေတာ” လို့ ပြောရင်း ရှင်းပါလေရော။

အဲဒီတော့မှ အသံတွေက ပိုဆူညံလာပြီး ဝိုင်း ကလော်တုတ်တော့တာပေါ့။ ဟောင်ကောင်မှာ မဒမ်တူးဆော့ ဖယောင်းရုပ်တု ပြတိုက်ရှိတယ်လို့ မသိတာရယ်၊ ကိုရီးယား မင်းသားကို ဖယောင်း ရုပ်တုလုပ်ထားလိမ့်မယ်လို့ မထင်ကြတာရယ်ကြောင့် မရိပ်မိကြတာပေါ့။ သူတို့ကို ကိုယ်က ပြန်ဟားရင်းနဲ့ ပြတိုက်အကြောင်း ပြောပြဖြစ်တယ်။

ကမ္ဘာပေါ်မှာ မဒမ်တူးဆော့ရဲ့ဖယောင်း ပြတိုက်က (၆)နေရာမှာရှိတယ်။ လန်ဒန်၊ ဟောင် ကောင်၊ အမ်စတာဒမ်၊ လပ်(စ်)ဗီးဂတ်(စ်)၊ နယူး ယောက်နဲ့ ရှန်ဟိုင်းတို့မှာ လေ။ အဲဒီပြတိုက်တွေ ကို အရင်က တူးဆော့အုပ်စုကြီးရဲ့ Lisureကုမ္ပဏီက ပိုင်ဆိုင်ခဲ့ပြီး ၂ဝဝ၇ ခုနှစ် မတ်လမှာ Black Stone အုပ်စုက ပေါင် ၁ ဘီလီယံနဲ့ ဝယ်လိုက် ပါပြီ။ အဲဒီပြတိုက်တွေထဲမှာ သမိုင်းဝင် ပုဂ္ဂိုလ်တွေ၊ တော်ဝင် အထင်ကရကြီးတွေ၊ အနုပညာကြယ်ပွင့်တွေနဲ့ အားကစားဘက်မှာ ထင်ရှားတဲ့ သူတွေရဲ့ ပုံတူရုပ်တုတွေကို ပြထားတယ်။
    ဒီဖယောင်းရုပ်တုတွေရဲ့ သမိုင်းအစကတော့ ဖယောင်းပုံစံ ယူတဲ့နေရာမှာ ကျွမ်းကျင်တဲ့ ဆရာဝန် ဒေါက်တာဖီးလစ်ကားတစ်နဲ့ သူ့ရဲ့ အိမ်အကူ မာရီ ဂရိုရှော (၁၇၆၁-၁၈၅ဝ)တို့ပါပဲ။ ဒေါက်တာ က လူဝီ (၁၅)ရဲ့မိဖုရား ဖယောင်းရုပ်ကိုလည်း လုပ်ခဲ့ဖူးတယ်။ သူ့ရဲ့ပြပွဲကတော့ ၁၇၇ဝ ခုနှစ် မှ စပြခဲ့တာ။ ၁၇၇၆ ခုနှစ်ကျတော့ ပဲရစ်မှာ ပြပွဲ လုပ်ခဲ့တယ်။ မာရီကိုယ်တိုင်လုပ်တဲ့ ဖယောင်း ရုပ်တုက ၁၇၇၇ ခုနှစ်မှ စလုပ်တာ။ သူမက ပြင်သစ်တော်လှန်ရေးတွင်းမှာ ဆုံးသွားတဲ့ ဒုက္ခသည်တွေရဲ့ ဖယောင်းရုပ် လုပ်ရာမှာ နာမည်ကြီးခဲ့တာပေါ့။ ဖရန် ရှောတူးဆော့ဆိုတဲ့ အင်ဂျင်နီယာနဲ့ လက်ထပ်ပြီး မာရီတူးဆော့ဟာ သားနှစ် ယောက်ရခဲ့တယ်။ ၁၇၉၄ ခုနှစ်မှာ သူမရဲ့ဆရာ ဒေါက်တာ ကွယ်လွန်ပြီးတဲ့နောက် မာရီတူးဆော့ ကိုပဲ စုဆောင်းထားတာတွေကို အမွေအဖြစ် ပေး ထားရစ်ခဲ့တယ်။

၁၈ဝ၂ ခုနှစ်မှာ လန်ဒန်ရောက်သွားတဲ့ မာရီတူးဆော့ဟာ ပြင်သစ်-အင်္ဂလိပ်စစ်ပွဲကြောင့် ပြင်သစ်ကို မပြန်နိုင်တော့ဘဲ လန်ဒန်မှာပဲ ပြခန်း ဖွင့်ဖို့ဖြစ်လာတော့တယ်။ သူမသားနှစ်ယောက်က လည်း သူမကို ကူညီကြပါတယ်။ ၁၈၅ဝ ခုနှစ်မှာ သူမ ကွယ်လွန်ခဲ့တယ်။ သူမရဲ့ မြေး ဂျိုးဇက်ရန် ဒေါ(လ်)ကလည်း ဒီအမွေကို ဆက်လက်ထိန်း သိမ်းခဲ့တယ်။ ပြခန်းဟာ ၁၉၂၅ ခုနှစ်မှာ မီးလောင် လို့ ဦးခေါင်း ပုံစံ ဟောင်းတွေပဲ ကျန်တယ်။ နောက် တစ်ခါ ၁၉၄ဝ ခုနှစ်မှာ ဂျာမန်တွေရဲ့ ဗုံးဒဏ်ခံခဲ့ ရသေးတယ်။ ဒီလိုနဲ့ပဲ မပျောက်မပျက်တွင်ကျယ် လာလိုက်တာ ခေတ်ကိုလိုက်ပြီး ဦးတည်ချက်တွေ လည်း ပြောင်းလဲနေပါပြီ။

ခုဆို တချို့ပြခန်းတွေမှာ ရှိုးတွေပါ ပြလာနေ ပါပြီ။ ရုပ်တုပညာရပ်တွေနဲ့ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ပေးနေတယ်။ နယူးယောက်က မဒမ်တူးဆော့ မှာဆိုရင် ထင်ရှားတဲ့သူတွေရဲ့ ရုပ်တုတွေ ခြံရံပြီး ကိုယ့်ရဲ့ပါတီပွဲတွေ လုပ်ချင်ရင် လည်း လက်ခံပြီးလုပ်ပေးနေပြီ။

ပုံမှန်အားဖြင့် ရုပ်တုတစ်ခု လုပ်တော့မယ်ဆို ရင် (၆) လလောက် အချိန်ယူရတယ်။ အဲဒီအရုပ် ကို တာဝန်ယူမယ့်အဖွဲ့မှာ အင်အား ၂ဝ လောက် ပါတယ်။ ရုပ်တုဆရာက နာမည်ကြီးမင်းသား၊ မင်းသမီးကို ကိုယ်တိုင်အနီးကပ်လေ့လာပြီး ဆံပင်၊ မျက်လုံးအရောင်တွေ သေသေချာချာ မှတ်ခဲ့ရ တယ်။ ကာယကံရှင်ရဲ့ဓာတ်ပုံကိုလည်း (၂ဝဝ) ကျော်လောက် ရိုက်ယူကြရသေးတယ်။ အသေး စိတ်တိုင်းတာမှုတွေယူပြီးရင် ကိုယ်နေဟန်ထား၊ အဝတ်အစား၊ မျက်နှာပေါ်မှာ ထင်ဟပ်နေမယ့် အမူအရာတွေကို တကယ့်အစစ်နဲ့မခြားအောင် လုပ်ရတဲ့ ရုပ်တုဆရာတွေအားလုံးရဲ့ ထိပ်တန်း အနုပညာအရည်အသွေးတွေနဲ့ အကောင်အထည် ဖော်ကြတာပေါ့။

ဖယောင်းရုပ်တုဆိုလို့ တစ်ကိုယ်လုံးဖယောင်း လို့ မထင်လိုက်ပါနဲ့။ အဝတ်အစားအုပ်မိတဲ့နေရာ တွေမှာတော့ ဖယောင်းမသုံးတော့ဘဲနဲ့ အဖြူ ရောင်ဖိုင် ဘာဂလပ်(စ်) ကိုပဲ သုံးထားတယ်။ ပုံစံမို လုပ်ထားတဲ့ ဦးခေါင်းကို ဖယောင်းသွင်းပြီးရင် မျက်လုံးထည့်တယ်။ မျက်လုံးကလည်း အစစ်နဲ့ တူအောင် ပန်းချီဆွဲထားတာ။ ဆံပင်က တကယ့် အစစ်တွေကိုပဲသုံးပြီး တစ်ချောင်းချင်းစိုက်တာ။ ပုံစံယူကတည်းက လက်တွေရဲ့ပုံစံမိုလည်း တစ်ခါ တည်းယူထားခဲ့တော့ ဖယောင်းနဲ့တန်းပြီး ပုံသွင်းရုံပဲ။

ဖယောင်းပုံသွင်းပြီးသွားတဲ့ ဦးခေါင်းနဲ့ လက် တွေကို ရေဆေး၊ ဆီဆေး၊ Acrylic တွေ သုံးပြီး လက်နဲ့ပဲခြယ်ကြတယ်။ လိုအပ်တဲ့နေရာတွေမှာ မိတ်ကပ်ပါ လိမ်းပေး ရတယ်။ အဆင်သင့်ဖြစ်သွား ရင် ဖိုင်ဘာကိုယ်ထည်မှာ ဖယောင်းနဲ့ အနုစိတ် ထားတဲ့ ဦးခေါင်း၊ လက်တွေ တပ်လိုက်ရုံပဲ။ နောက်ဆုံးတော့ ပုံတူကို အဝတ်စားဆင်လိုက် တာပေါ့။ များသောအားဖြင့် အဲဒီအဝတ်အစား တွေကို ကာယကံရှင်တွေကပဲ လှူလေ့ရှိတတ်ပါ တယ်။

အဲဒီလိုဖယောင်းရုပ်တုပုံတူတွေကို ခင်းကျင်း ထားတဲ့ ပြတိုက်တွေထဲမှာ ကျွန်မ,ရောက်ခဲ့ဖူးတဲ့ ဟောင်ကောင်ပြတိုက်က ဟောင်ကောင်မြို့ အလှကို အကောင်းဆုံး မြင်နိုင်တဲ့ တောင်ပေါ်က The Peak Tower အဆောက်အဦရဲ့အောက် ထပ်တွေမှာရှိပါတယ်။ ပြခန်းထဲကို လက်မှတ်ဖြတ်ပြီး ဝင်သွားရတဲ့ ကော်ဇောနီလမ်းအဝမှာ ဘေးဝဲ ယာအထက်အောက်ကနေ ကင်မရာမီးတွေ တဖျတ်ဖျတ်၊ ကင်မရာရှပ်တာသံတွေ တချပ်ချပ်နဲ့ မို့ ဝင်လာတဲ့သူကိုယ်တိုင်က ကိုယ့်ကိုယ်ကို နာမည်ကြီး ကြယ် တစ်ပွင့်လို ခံစားရအောင် ပြု လုပ်ပေးထားတယ်။ မျက်စိတွေတောင် ကျိန်းသွား မတတ်ပါပဲ။

အထဲကိုရောက်တဲ့အခါ ကိုယ်နှစ်သက်တဲ့ နာမည်ကြီးတွေက ဟိုမှာတစ်ယောက်၊ ဒီမှာတစ်ယောက်နဲ့တွေ့ရတာမို့ အဲဒီအံ့သြဖွယ်အချိန်တွေဟာ ရိုလာကိုစတာစီးရသလို ရင်ဖိုနေစေတာ အမှန်ပါ။ ကိုယ့်ကို တားမယ့်၊ ဆီးမယ့်သူတွေ၊ တားမြစ်မိန့်တွေ မရှိဘဲနဲ့ ကမ္ဘာကျော်တွေနား ရောက်ခွင့်ရနေခြင်းဟာ ဂမ္ဘီရအတော်ဆန်နေ ပါတယ်။ စိတ်ကူးယဉ်အိပ်မက်တစ်ခုလိုလည်း ဖြစ်နေပြန်ပေါ့။ ဒီနေရာမှာ ကင်မရာကောင်း ကောင်းမပါခဲ့ရင်၊ ကိုယ့်ကိုဓာတ်ပုံရိုက်ပေးမယ့်သူ မရှိခဲ့ရင်တော့ စက်က အလိုလို ရိုက်ထားပေးတဲ့ ကိုယ့်ပုံတွေကို ပြခန်းအထွက်မှာ ကွန်ပျူတာထဲ ကြည့် ရွေးပြီးယူလို့ရပါတယ်။ ဈေးကတော့ ခေါင်ခိုက်နေတာပဲ။

ဖက်ရှင်၊ ရုပ်ရှင်၊ တီဗီ၊ ဂီတ လောကထဲက နာမည်ကျော် အနုပညာရှင်တွေ ကြားထဲမှာ ရောက်နေရတာဟာ သူတို့တွေရဲ့ ပါတီပွဲမှာ ကိုယ့်ကိုဖိတ်ကြားထားသယောင် ယောင်ပေါ့လေ။ ဒါပေမဲ့ လူက ဣနြေ္ဒကိုမရနိုင်ဘူး။ ဟယ်..ဟိုမှာ ဘယ်သူ၊ ဟင်..ဒီမှာတော့နဲ့ ဘယ်ပြေးလို့ ဘယ်ကပ် ရမှန်းကို မသိဘူး။ လောဘမသတ်နိုင်တဲ့ လူသား သဘာဝအရပေါ့လေ။ မွန်ရိုးရဲ့ ဂါဝန်အဖိပုံ ကို အောက်ကလေ တိုက်ပေး ထားတာလဲ သဘာဝ အတိုင်းပဲ။ မွန်ရိုးရုပ်တု ဘေးနားကနံရံမှာ မွန်ရိုးလို ဆင်တူ လိုက်ဝတ်လို့ရတဲ့ ဂါဝန်အဖြူရယ်၊ သူ့လို ငွေရောင် ဆံပင်အတုရယ် ချိတ်ထားပေးတာကို ယူဝတ်ပြီး ရိုက်လို့ရတယ်။ ကျွန်မက အဲဒီဝတ်စုံ နှင့် ယူရိုက်ဖို့ စိတ်ကူး ပါသေးတယ်။ ဒါပေမဲ့ မွန်ရိုးရဲ့ရုပ်ထုကြီးက ကျွန်မရဲ့ သူ့ပုံစံကိုမြင်ရင် မျက်ရည်တွေ ကျလာမှာစိုးလို့ မရိုက်ခဲ့တော့ဘူး။ ဘယ်လောက် ရိုက်ကြတယ်တော့မသိဘူး၊ ဂါဝန်တောင် တော်တော် ညစ်ပတ်နေပြီ။ ဘေယောင်ဂျွန်းရုပ်တုကိုလည်း ကိုရီးယား အပြင် အဆင်နောက်ခံမှာ နှင်းတွေကျ၊ ရေတွေခဲနေပုံမျိုး နဲ့ အကျအနထားထားတယ်။ ဂျိမ်း(စ်)ဘွန်းမင်းသား ပီးယား(စ်) ဘရော့(စ်)နန်ဆိုလည်း ကိုင်တဲ့သူ များလွန်းလို့ လက်ဆစ်လေးတွေတောင် ပဲ့နေပြီ။ ဂျက်ကီချန်းနဲ့ ဖိုက်မလား၊ ဘရု(စ်)လီနဲ့ စိန်ခေါ် မလား၊ သူတို့တွေကတော့ အဆင်သင့်ပဲ။ ကလေးသရုပ်ဆောင် မက်ကောလေးပုံလည်း ရှိ တာပဲ။

ဘရက်(ဒ်)ပစ်ရဲ့ ရင်ခွင်ထဲမှာ ခေါင်းလေးမှီ ပြီး ဓာတ်ပုံရိုက်လိုက်ရတာဟာ လောကကြီးမှာ အရာရာကို ကျေနပ်နိုင်သွား သလိုပဲ။ ဝါသနာရှင် ဆိုတော့ လက်က အငြိမ် မနေနိုင်ပြန်ဘူး။ ဘရက်(ဒ်)ပစ်ရဲ့အင်္ကျီကို လှန်ကြည့်လိုက်သေးတယ်။ ကိုယ်ထည်က ဖယောင်းသား မသုံးဘူး၊ ဖိုင်ဘာနဲ့ပဲ လုပ်ထားတာ။ ကုတ်နဲ့ ဝတ်စုံပြည့်ဆို တော့ မျက်နှာနဲ့ လက်လောက်ပဲ ဖယောင်းနဲ့ ပုံသွင်းရတာ အချိန်ရော၊ ငွေရော သက်သာမယ် ထင်တယ်။

အဲ..အဆိုတော်ချာကျတော့ သူ့ရဲ့ဝတ်စုံ က ထွင်းဖောက်မြင်ရတဲ့ အကြည်သားဖြစ်ပြီး ဖုံးအပ်တဲ့ နေရာလေးတွေလောက်ပဲ စီးကွင့်ထိုးထားတော့ တစ်ကိုယ်လုံးပေါ်ပေါ့။ ဒါမျိုး ရုပ်တုကျတော့ ဖယောင်းလည်း အတော်သုံးရမယ်၊ အချိန်လည်း အတော်ပေးရမယ်။ လုံလုံခြုံခြုံ ဝတ်တဲ့ အမျိုးသား ရုပ်တုတွေက ဖယောင်းအသုံးပြုမှု နည်းပြီး၊ အမျိုးသမီး တော်တော်များများက မလုံတလုံမို့ ဖယောင်း ပိုသုံးရမှာပေါ့။ ဒါမျိုးကတော့ ပိုကုန်ချင် ကုန်ပစေပေါ့..ဟုတ်ဖူးလား။ အမျိုးသားထဲ မှာ ကိုယ်လုံးပေါ်တဲ့ သူဆိုလို့ ဂျပန်ဆူမိုနပန်းသမား ချီယိုနိုဖူဂျီပဲရှိတယ်။ ဒီလိုကိုယ်လုံးပေါ် အမျိုးသား ကျတော့လည်း ဘယ်သူမှ တဝဲလည်လည်နဲ့ စိတ်ဝင်တစား မကြည့်ပေါင်။

ကမ္ဘာ့ ခေါင်းဆောင်ကြီးတွေ၊ သိပ္ပံပညာရှင်ကြီးတွေ၊ အတွေးအခေါ် ပညာရှင်ကြီးတွေရဲ့ ရုပ်တုတွေမြင်ရတာဟာ ကျွန်မတို့ နေထိုင်နေတဲ့ ကမ္ဘာကြီးရဲ့သမိုင်းကို ပုံဖော် ခဲ့သူများအဖြစ် ဂုဏ်ပြုချင်စရာပါ။ သမ္မတကလင်တန်နဲ့ ဘုရှ်တို့ ခြံရံပြီး အိမ်ဖြူတော်ကနေ မိန့်ခွန်းပြောနေတဲ့ပုံ ရိုက်ချင်လည်းရတယ်။ သမ္မတဟူဂျင်တောင်းနဲ့ အတူ ပရိသတ်ကြီးကို လက်ပြနှုတ်ဆက်လို့လည်း ရတယ်။ အဲလစ်ဇဘက်ဘုရင်မကြီး မိသားစု အလယ်က ပလ္လင်ခုံအလွတ်ပေါ်မှာ ဝတ်ရုံနဲ့ သရဖူဆောင်းပြီး ဘိသိက်ခံလို့ လည်းရတယ်။ ဟစ်တလာအစ ဆဒမ်ဟူစိန်အဆုံး နိုင်ငံရေး လောကထဲက ထင်ရှားသူတွေ အကုန်ရှိတယ်။

ရှိတ်စပီးယားနဲ့အတူ ဇာတ်ညွှန်းရေးမလား၊ ပီကာဆိုနဲ့ ပန်းချီဆွဲမလား၊ အိုင်းစတိုင်းရဲ့ သီအိုရီ မှားနေတယ်လို့ ငြင်းချင်လား၊ စိတ်ကူးထဲမှာရှိသမျှ အစုံလုပ်လို့ရတယ်။ မဒမ်တူးဆော့ရဲ့ပုံတူရုပ်တု တောင်ပါသေး။ ဂီတမှာ ကျော်ကြားသူတွေ၊ အားကစားနယ်ပယ်က ဘက်ခမ်း၊ တိုက်ဂါးဝုဒ်တို့ တွေလည်း အကုန်ရှိတယ်။ ကိုယ်သွားတွေ့ဖို့ မလွယ်တဲ့သူတွေကို စိတ်တိုင်းကျ မြင်တွေ့၊ ဓာတ်ပုံရိုက်ခွင့်ရနေတော့ အဲဒီနေ့ဟာ အပျော်လွန် တဲ့ နေ့တစ်နေ့ပါပဲ။ တစ်နေ့တည်းမှာတင် ဘဝ အမျိုးမျိုး ပြောင်းနေရ သလိုပါပဲလေ..။

နယူးယောက်က ပြတိုက်မှာဆိုရင် မင်းသား ဂျော့(ခ်ျ)ကိုလိုနီက ခရစ်ယာန် ဘုရားကျောင်းထဲ မှာ သတို့သမီးကို စိတ်အားထက်သန်စွာ စောင့်နေတဲ့ ပုံထုထားတယ်။ ခရစ်ယာန် ဘုရားကျောင်း ထိုင်ခုံ အပြင်အဆင်ရယ်၊ သတို့သမီး ဝင်လာဖို့ လျှောက်လမ်းရယ်၊ မင်္ဂလာတီးလုံး တွေရယ် စီစဉ် ပေးထားတယ်။ အဲဒီအနားမှာ အလွယ်တကူ စွတ်လို့ရတဲ့ သတို့သမီး ဝတ်စုံရယ်၊ လက်ကိုင်ပန်းရယ် ကိုလည်း ထားထား ပေးတော့ အဲဒါတွေဝတ်ပြီး သတို့သမီးလို လျှောက်သွားပြီး  I Do လို့ ပြောလိုက်ရုံပဲ။ ရတီ တစ်ဖွဲ့လုံးသာ အဲဒီကိုရောက်ရင်တော့ မင်္ဂလာဆောင်နေတာနဲ့တင် မိုးလင်းမယ်။

မဒမ်တူးဆော့ပြတိုက်ထဲက ရုပ်တုတွေ အကြောင်း တွေ့ခဲ့ကြုံခဲ့ အားကျခဲ့ရတာတွေ ပြောရင်းနဲ့ပဲ အတွေးတချို့လည်း အသိစိတ်ထဲ ဝင်လာပါတယ်။ အဲဒါဘာလဲ ဆိုတော့ ရုပ်ထုတွေ ဟာ ကိုယ်ချစ်တဲ့သူပဲဖြစ်ဖြစ်၊ မကြိုက်တဲ့သူပဲဖြစ် ဖြစ် သူတို့တွေဟာ သက်ဆိုင်ရာ နယ်ပယ်အသီး သီးမှာ စွမ်းဆောင်လှုပ်ရှားခဲ့တဲ့ မှတ်တိုင်တွေ အဖြစ် တည်ရှိနေမှာပါ။ ရုပ်ထု အထုခံရတဲ့ ကာယကံရှင်တွေဟာ သူတို့ကို ရုပ်ထု,ထုပါစေ ဆိုပြီး ကြိုးစားခဲ့ကြသူတွေတော့ မဟုတ်ပါဘူး။ ဒီရုပ်ထုတွေဟာ သက်မဲ့တွေဆိုပေမယ့် သူ့ကာယကံရှင်တွေရဲ့ တန်ဖိုးတွေ ကိန်းအောင်းနေမယ်လို့ ယူဆမိတယ်။ တချို့က ကွယ်လွန်သွားကြပြီ။ တချို့က သူတို့ရွေးထားတဲ့လမ်းမှာ ဆက်လျှောက်ဆဲ၊ မမြဲသော တရားရဲ့ ကောင်းကင် အောက်မှာ ဒီပုဂ္ဂိုလ်တွေရဲ့ စွမ်းစွမ်းတမံ အနှစ်သာရတွေကတော့ စွဲမြဲကျန်ရစ်မှာပါပဲ။ ကမ္ဘာလှည့် ခရီးသွားတွေအတွက် ဆွဲဆောင်မှုတစ်ခုအဖြစ် ရှင်သန်နေတဲ့ မဒမ်တူး ဆော့ပြတိုက်ထဲက ဒီရုပ်တု တွေဟာ ကမ္ဘာကုန်ကျယ်သရွေ့ အောက်မေ့နေ ရမယ့် လူတန်ဖိုးတွေရဲ့ ကိန်းအောင်းတည်ရှိရာ နှလုံးလှဥယျာဉ်လေးတစ်ခုဖြစ်နေတော့မှာပါ။
ငွေသော်တာ

Leave a reply

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>