ကမ္ဘာ့နှလုံးသားထဲက စီးဆင်းနေတဲ့ တစ်ခါကအချစ်ရဲ့သင်္ကေတ

270975_10150253589199237_5669140_n

ခရီးသွား မှတ်တမ်း ဆိုတာက လက်ရှိကျင်လည် နေတဲ့ဘဝမှာ သွားလာ ကျင်လည်လို့ ရသမျှထဲက သင်ခန်းစာ လောက်ကိုသာ ရေးထားနိုင်တာပါ။ ဘဝ အဆက်ဆက် ကြုံခဲ့ရတဲ့ လောကဓံတွေ နဲ့ သင်ခန်းစာ တွေကတော့ မှတ်မိဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ရာဇဝင်ထဲက သမိုင်း အဖြစ်အပျက်တွေ၊ လောကဓံတွေ ကိုတော့ ပွားယူခံစား ကြည့်မယ် ဆိုရင် အဲဒီခေတ်က မရလိုက်နိုင်တဲ့ အတွေးတွေ အခုချိန်မှာ ရရှိ ချင့်ချိန်နိုင်ကြပြီး အကျိုးရှိနိုင် ပါလိမ့်မယ်။ ခုပြောပြချင်တဲ့ ခရီးလေးက အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်၊ အာဂရာမြို့မှာရှိတဲ့ တပ်(ခ်ျ)မဟာ သင်္ချိုင်းနဲ့ အာဂရာခံတပ် နန်းတော်ကြီးတို့ ဆီရောက်ခဲ့ရာကနေ သူတို့နှစ်ခုရဲ့ဆက်စပ်မှု ခံစားချက်ကို ပြောချင်တာပါ။

အာဂရာမြို့ဆိုတာ ဒေလီကနေကားနဲ့ မောင်းသွားရင် ငါးနာရီလောက်ဆို ရောက်ပါပြီ။ အဲဒီမြို့မှာ ကြည့်စရာတွေက တပ်(ခ်ျ)မဟာ၊ အာဂရာနန်းတော်အပြင် Mariyam’s Tomb, Ram Bagh, Chini Ka Rauga တို့ပါရှိလို့ ကမ္ဘာလှည့်ခရီးသွားများတာနှင့်အမျှ ဟိုတယ်တွေလည်း များလှပါတယ်။ တိုးရစ်(စ်)မြို့လေး ကို ဖြစ်လို့။ ကမ္ဘာ့အံ့ဖွယ်ထဲမှာပါတဲ့ တပ်(ခ်ျ)မဟာကို အိန္ဒိယနိုင်ငံသားတွေကလည်း အလွန်ဂရုတစိုက် ထိန်းသိမ်း ကြပါတယ်။  UNESCOရဲ့ ထိန်းသိမ်းမှု အောက်မှာရှိနေတဲ့ သမိုင်းဝင်နေရာပေါ့။ အဲဒီအနီးနားမှာ မီးခိုးငွေ့ထွက်မယ့် ကိစ္စမှန်သမျှ ရှောင်ဖို့ တားမြစ်ထားတယ်။ လေထုထဲမှာ ပါလာမယ့် မီးခိုးငွေ့တွေဟာ တပ်(ခ်ျ)မဟာ ကို ရေရှည် မှာ အရောင်ပြောင်းသွား စေနိုင်မှာ ဖြစ်တာက တစ်ကြောင်း၊ အခြားမလိုလားအပ်တဲ့ ပျက်စီးမှုတွေ မဖြစ်စေချင်တာလဲပါတယ်။

ဒါကြောင့်မို့ လာသမျှ ခရီးသည်ကားတွေဟာ ကားကွင်းတစ်ခုမှာ စုရပ်ပြီးမှ ဘက်ထရီနဲ့မောင်းတဲ့ မီနီဘတ်(စ်)လေးတွေကို ပြောင်းစီးပြီး တပ်(ခ်ျ)မဟာကို သွားရတယ်။ လက်မှတ်က တစ်စောင်ကို ရူပီးငါးရာနဲ့ ဝယ်ရတယ်။ ရေတစ်ပုလင်း လက်ဆောင်ထည့်ပေးတယ်။ အဲဒီလက်မှတ်ကိုင်ပြီး ဝင်ဖို့တန်းစီစောင့်တာတောင် တော်တော်ကြာ တယ်။ လာတဲ့သူ ဘယ်လောက်များသလဲဆိုတာ အဲဒါသာကြည့်။ တစ်နေ့ကို ဧည့်သည်က သောင်းဂဏန်းနဲ့အထက်ပဲ။တစ်ဦးဝင်ရင် ကောက်တဲ့ငွေရဲ့တစ်ဝက်က ဗဟိုအစိုးရကိုအပ်ရပြီး ကျန်တစ်ဝက်က ယူပီပြည်နယ်ရဲ့ အခွန်အဖြစ် သိမ်းတယ်တဲ့။ တပ်(ခ်ျ)မဟာဝင်းကြီးကို တာဝန်ယူ ထိန်းသိမ်းရတဲ့ အလုပ်သမားကလည်း ၅ဝဝ ကျော် ရှိတယ်ဆိုပဲ။ ကိုယ်နဲ့အတူလိုက်လာတဲ့ ဧည့်လမ်းညွှန်က အသေးစိတ် မရှင်းပြတတ်ရင် အဲဒီမှာရှိတဲ့ ဘာသာပြန်တွေကို ရာဇဝင်ပြောပြဖို့ ထပ်ငှားလို့ ရနိုင်တယ်။ ဒေသခံ ဧည့်လမ်းညွှန်တွေက အလွယ်တကူ ရလောက်အောင် များပါတယ်။ တပ်(ခ်ျ)မဟာဝင်း ထဲရောက်တာနဲ့ ဧည့်သည်ဆောင်တွေကို အတန်းလိုက် အရင်တွေ့ရမှာပါ။ ဧည့်သည်အတွက် အခန်းပေါင်း ၂၁ဝ ရှိတယ်။ မြောက်ဘက်ဂိတ်ကနေ ဝင်ရင်တွေ့ရမယ့် တပ်(ခ်ျ) မဟာကြီးရဲ့ အချို့နေရာတွေ မှာ ရေး ထွင်းထားတဲ့ စာတွေက မွတ်ဆလင်ကျမ်းစာအုပ်ထဲက အာရေဗျစာတွေပဲ ဖြစ်ပါတယ်။

ဒီအဆောက်အဦးအတွက် ဒီဇိုင်နာကို တူရကီက အီဆန်ခန်ဆိုသူကို ငှားခဲ့ရတာပါ။ တပ်(ခ်ျ)မဟာပေါ်ကို တက်တော့မယ်ဆိုရင် တစ်ခါသုံးအိတ်ပါးလေးတွေနဲ့ ဖိနပ်စီး ထားတဲ့ ခြေထောက်ကို စွပ်ရတယ်။ လေ့လာသူတွေကြောင့် ဒီသမိုင်းအဆောက်အဦကြီး မပျက်စီးအောင် ကာကွယ်တဲ့သဘောပေါ့။ တပ်(ခ်ျ)မဟာ ရှေ့မှာရှိတဲ့ ဥယျာဉ်ကြီး ကတော့ အင်္ဂလိပ် လက်ထက်မှာမှ လုပ်ထားတာပါ။ တပ်(ခ်ျ)မဟာရဲ့အမြင့်ဟာ ၈၁ မီတာဖြစ်ပြီး သူ့ရဲ့အထွတ်ဟာ ၁ဝ မီတာအမြင့်ရှိတဲ့ ကြေးပွတ်လုံး လိုမျိုးပေါ့။ အရင်က ရွှေနဲ့လုပ်ထားတဲ့ အထွတ်က လန်ဒန်ပြတိုက်မှာ ပြသထားတယ်။ တပ်(ခ်ျ) မဟာရဲ့ ဘေးဘယ်ဘက်မှာ ဗလီကြီးတစ်ခု၊ ညာဘက်မှာ ဧည့်သည်ဆောင်ကြီး တစ်ခုတို့က နီစွေးစွေးနဲ့မို့ အလယ်က တပ်(ခ်ျ)မဟာကြီးက ပိုပြီးထင်းလင်းနေသလိုပဲ။ ဒီသင်္ချိုင်းကို ဆောက်ခဲ့တဲ့ ဘုရင်ရှာဂျဟန်မှာ မိဖုရားလေးပါးရှိတဲ့ အထဲက မိဖုရား မွမ်တပ်(ခ်ျ) မဟာ (၁၅၉၃-၁၆၃၁)ကပဲ သားသမီးထွန်းကား တာမို့ ဘုရင်က အဲဒီသိပ်လှတဲ့ အီရန်နိုင်ငံသူ၊ ပါရှန်းလူမျိုးမိဖုရားကို အမြတ်နိုးဆုံးပါ။ မိဖုရားရဲ့အလှကို ကဗျာဆရာ တွေဖွဲ့ဆိုကြရာမှာတော့ လမင်းကြီးကတောင် သူမရဲ့အလှကို မပြိုင်နိုင်လို့ ပုန်းနေရတယ်လို့ ဆိုကြတယ်။ သူမရဲ့ မွေးအားကောင်းပုံက လက်ထပ်တဲ့အသက် ၁၉ နှစ်ကနေ ကွယ်လွန်တဲ့ ၃၈ နှစ်ထိ ၁၉ နှစ်အတွင်းမှာ သားသမီး ၁၄ ယောက်တောင် ထွန်းကားသတဲ့။ ရှင်မွေးလွန်းပေါ့လေ။ မွေးဖွားခဲ့တဲ့ သားသမီးတွေထဲမှာ ခုနှစ်ယောက်က ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားကြတယ်။ အဲဒီမိဖုရားကြီးက နောက်ဆုံးသမီးလေးကို မီးဖွားနေရင်းနဲ့ပဲ ကွယ်လွန်ခဲ့တယ်။ မကွယ်လွန်ခင်မှာ သူ့ရဲ့ကြင်ယာတော် ဘုရင်ကြီးကို သူ့ရဲ့နောက်ဆုံးဆန္ဒတစ်ခုကို ပြောပြမှာကြားခဲ့တယ်။အဲဒါကတော့ သူတို့နှစ်ယောက် ရဲ့ အချစ်ကို ဖော်ကြူးတဲ့ ပြယုတ်တစ်ခုကို အမှတ်တရ လုပ်ပေးဖို့နဲ့ ဘုရင်ကြီးကို နောက်အိမ်ထောင် မပြုတော့ဖို့ မှာခဲ့တယ်။ ကွယ်လွန်ချိန် မှာ ဖြေမဆည်နိုင်တဲ့ ဘုရင်ကသူ့မိဖုရားရဲ့ ရုပ်ကလာပ်လဲလျောင်းဖို့ သိပ်ခမ်းနားတဲ့သင်္ချိုင်းကို မာဘယ်(လ်) ကျောက်အဖြူရောင်တွေနဲ့ ၂၂ နှစ် ကြာအောင် တည်ဆောက်ပြီးမှ ရုပ်ကလာပ်ကို ရွှေ့ပြောင်းထည့်ထားခဲ့တာ။ အဲဒီမာဘယ်(လ်) တွေက အာဂရာမှာ မထွက်ဘူး။ ဂျိုက်ပူးကနေ သစ်ကုလားအုပ်၊ မြင်း၊ ဆင်နဲ့ လှေတွေသုံးပြီး သယ်လာရတာ။ ကျောက်စိမ်းကိုတော့ တရုတ်နိုင်ငံကနေ သယ်ရတယ်။

ထောင့်လေးထောင့်က မျှော်စင်တိုင် ၄ ခုက မိဖုရားလေးပါးကို ရည်ညွှန်းပါသတဲ့။ လှေခါးထစ်ကြီးတွေဟာ မာဘယ်(လ်)တစ်တုံးချင်း စီဆင့်ထားပြီး တိုက်ဆိုင် စွာ ဆောက်တဲ့ နှစ်ကာလနဲ့အတူ ၂၂ ထစ် ဖြစ်နေပါတယ်။ ကနုတ်ပန်းထွင်းတဲ့ မာဘယ်(လ်)ဂူကို ကာရံထားတဲ့ ကနုတ်ဆန်ကာကွက်တွေဟာ (၄)ပေရှိ မာဘယ်(လ်) ချပ် အကြီးတစ်ချပ်ထဲမှာ ထွင်းတာမို့ အံ့သြဘနန်းပါပဲ။ အလှဆင်မြှုပ်နှံထားတဲ့ စံပယ်ပွင့်ပုံတစ်ပွင့်မှာ ကျောက် ၁၅ စနဲ့ အလှဆင်ထားပြီး၊ ကြာတစ်ပွင့်ဆို အရောင်ကျောက်  ၆၄ စနဲ့ အလှဆင်ထားတာကို ဓာတ်မီးနဲ့ ထိုးကြည့်ရင် ကွဲကွဲပြားပြားတွေ့ရတယ်။ အဲဒီခေတ်တုန်းက ရူပီး ၃၂ မီလီယံသုံးခဲ့တာတဲ့။ အဲဒီလက်မှု ပညာမျိုးဆက်တောင်မှ ဒီနေ့အထိရှိနေတာ မျိုးဆက် ၁၇ ဆက်ရှိသွားပြီ။ အဲဒီ မျိုးဆက်ကနေ မာဘယ်(လ်)ကျောက်နဲ့ ထုလုပ် ရောင်းချတဲ့ ပစ္စည်းများကိုလည်း ဝင်းအပြင်ဘက်မှာ ဝယ်ယူနိုင်ပါတယ်။ တပ်(ခ်ျ)မဟာရဲ့ အဓိကအပေါက်ဝ တည့်တည့်မှာ မိဖုရားဂူအတုကို ထားရှိပြီး အဲဒီဘေးမှာမှ ဘုရင့်ဂူရှိတာ။ ဂူအစစ်(၂)ခု က အောက်ထပ်မှာပါ။ အခုတော့ အဲဒီအောက်ထပ် ဆီ လူတွေကို ပေးမဆင်းတော့ဘူး။ဘုရင်က သူကွယ်လွန်ရင်မြှုပ်ဖို့ ဒီတပ်(ခ်ျ) မဟာနဲ့ပုံစံတူကို မာဘယ်(လ်) ကျောက်အနက်နဲ့ ဆောက်ဖို့ ယမုံနာမြစ်ရဲ့ တစ်ဖက်ကမ်းမှာ စီစဉ်ချိန်မှာပဲ သူ့ရဲ့တတိယမြောက် သားတော်ကတားပြီး အာဂရာနန်းတော်ခံတပ်မှာ အကျယ်ချုပ် နဲ့ ထားလိုက်တယ်လို့ဆိုတယ်။ အဲဒီနန်းကျဘုရင် ကွယ်လွန်တော့ သူအမြတ်နိုးဆုံး မိဖုရားဂူရဲ့ နံဘေးမှာပဲ ဂူသွင်းလိုက်ကြတယ်။

တပ်(ခ်ျ)မဟာ တစ်ခုထဲကိုပဲ လည်မယ် ဆိုရင်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးရာကျော်က ဘုရင်ကြီးတစ်ပါးရဲ့ မြတ်နိုးမှု အချစ်တွေဟာ သမိုင်း မှတ်တိုင်အဖြစ်ရှိနေတဲ့ ဝင်ငွေကောင်းတဲ့ သမိုင်းဝင် ပစ္စည်းအဖြစ် အထင်အရှားရှိနေဆဲပါ။ လက်ရှိ အိန္ဒိယနိုင်ငံသားတွေအတွက် ရှာဂျဟန်ဘုရင်ကြီး ရင်းနှီးမြှုပ်နှံမှုပြုခဲ့တာ ရူပီးမီလျံ ၃၂ ဆိုတာ အပြင် နောက်ဆက်တွဲ သူ့ရဲ့ခံစားချက်တွေကမှ တပ်(ခ်ျ)မဟာနဲ့ အာဂရာနန်းတော်ကို ရုပ်လုံးပိုကြွစေတာပါ။ နန်းကျဘုရင်ကြီးရဲ့ ခံစားချက်တွေမပြောခင် အာဂရာခံတပ် အကြောင်းအရင် ပြောကြစို့.. အာဂရာနန်းတော်လို့ ဖြစ်လာမယ့်နေရာကို စတင်အုတ်မြစ်ချသူကတော့ မူဂေါမင်းဆက်ကို စထူထောင်တဲ့ ပထမဘုရင် ‘ဘာဘာ’ဖြစ်ပြီး၊ ဒုတိယမင်းဆက်က ‘ဟိုမာယု’ ဖြစ်ပါတယ်။ တတိယမင်းဆက်ဖြစ်တဲ့ ‘အာကဗာ’ ဘုရင်လက်ထက် ၁၅၆၉ ခုနှစ်မှာမှ ဒီနန်းတော်ကို တိုးချဲ့ဆောက် ခဲ့တာပါ။ စတုတ္ထမြောက် ဘုရင် ‘ဂျဟန်းဂီး’ကတော့ တရားမျှတမှုရှိခြင်းနဲ့ အရက် သေစာသောက်စားတဲ့ နေရာမှာ နာမည်ကြီးပါတယ်။ပဉ္စမမြောက်ဘုရင် ‘ရှာဂျဟန်’က တပ်(ခ်ျ) မဟာကြောင့် ထင်ရှားတယ်။ သူ့လက်ထက်မှာ မူဂေါအင်ပါယာရဲ့ ပိသုကာအတတ်ပညာဟာ အမြင့်မားဆုံးကို ရောက်ရှိလို့ လာခဲ့ပါတယ်။ရှာဂျဟန်ရဲ့သား ဆဋ္ဌမမြောက်ဘုရင် ‘အော်ရန်ဂျေ’ကတော့ မိုက်ရိုင်းဆိုးသွမ်း၊ တရားမမျှတတဲ့နေရာမှာ နာမည်ကြီးပါပဲ။ အော်ရန်ဂျေးဟာ ဟိန္ဒူဘရားကျောင်းတွေ ဖျက်ဆီးခဲ့သူ၊ မွတ်ဆလင် မဟုတ်သူများကို အစ္စလာမ်ဘသာဝင်အဖြစ် သွတ်သွင်းခဲ့သူ ဖြစ်တာကြောင့် အင်ပါယာကြီးဟာ ရုပ်ပိုင်းဆိုင်ရာ တိုးချဲ့လာနိုင်ပေမယ့် ဘာသာရေး မူဝါဒတွေကပဲ ဒီအင်ပါယာကို အန္တရာယ် ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် မူဂေါအင်ပါယာဟာ နောက်မင်းဆက်တွေမှာ တဖြည်းဖြည်း မှေးမှိန်သွားတာမို့ အော်ရန်ဂျေးဟာ နောက်ဆုံးနာမည်ကြီး ဘုရင်တစ်ပါး လို့ ပြောလို့ရပါတယ်။

အော်ရန်ဂျေးရဲ့နောက်ထပ်တက်တဲ့ မင်းဆက် (၁၄) ဆက်မြောက် ‘ရှား’ဘုရင်ဟာ မူဂေါမင်းဆက်ရဲ့ နောက်ဆုံး မင်းဆက်ပဲဖြစ်တယ်။ ‘ရှား’ဘုရင်ဟာ မြန်မာပြည်ကို ပြည်နှင်ခံရပြီး ရန်ကုန်မှာပဲ ကွယ်လွန်သွားသူပါ။ ဇဖားရှားလမ်းဆိုပြီး ကန်တော်လေးမှာတောင် ရှိပါသေးတယ်။ ‘ရှား’ဘုရင်က အင်္ဂလိပ်အစိုးရဆီမှာ သူအိန္ဒိယမှာပဲ ခေါင်းချချင်တဲ့အကြောင်း သူ့ကို ၆ ပေ၊ ၃ ပေ မြေအကျယ်လေးပဲ ခွင့်ပြုပေးဖို့ အသနားခံခဲ့တာတောင် အင်္ဂလိပ်အစိုးရက မလိုက်လျောခဲ့ပါဘူး။ မြန်မာဘုရင် သီပေါမင်းကို လည်း ထိုနည်းလည်းကောင်း ရတနာဂီရိမှာ မြုပ်နှံစေတာကို စာဖတ်ပရိသတ်တို့  အမှတ်ရဦးမှာပါ။ အာဂရာနန်းတော်ဟာ ခံတပ်တို့ရဲ့ ထုံးစံအတိုင်း အပြင်မှာ ကျုံးလို ရေမြောင်း ပတ်ပတ်လည်ရှိတယ်။ ဟိုးတုန်းက မိကျောင်းတွေပါ မွေးထားခဲ့တယ်တဲ့။ ပထမနံရံက ပေ ၄ဝ ရှိပြီး လုံခြုံရေးအတွက် ဒုတိယနံရံက ပေ ၇ဝ အမြင့်နဲ့ ကာထား ပါတယ်။ ဂိတ်တစ်ခုနဲ့တစ်ခု ဒရမ်တီးပြီး သတင်းပို့တဲ့စနစ်ကို သုံးထားတယ်။ တော်ဝင်ဂိတ်ကနေ တက်လာတဲ့ ကုန်းမော့မော့မှာ ဆင်တွေမချော်အောင် ဂရစ်လိုင်းတွေခံ ထားပြီး တက်လာတဲ့သူကို မိန်းမပျိုလေးတွေက လေသာဆောင်ကနေ ပန်းတွေကြဲပြီး ကြိုကြတယ်။ အဲ..ရန်သူတက်လာမယ်ဆိုရင်တော့ ကုန်းမြင့်ကနေ ကျောက်တုံးတွေ လှိမ့်ချမယ်၊ ဆီပူတွေလောင်းချဖို့ ဘေးနံရံတွေမှာဆီ သွားလမ်းကြောင်းတွေက အရံသင့်ရှိပြီး သားပဲ။ အဲသလို အဖက်ဖက်ကနေ စဉ်းစားပြီးလုပ်ခဲ့တာ။ဒီနန်းတော် ဆောက်ခဲ့တဲ့ ဘုရင်မှာရှိတဲ့ မိဖုရားသုံးပါးကိုးကွယ်တဲ့ ဘာသာကမတူတာမို့ ဘာသာကြီးသုံးဘာသာကို ကိုယ်စားပြုတဲ့ သင်္ကေတသုံးမျိုးနဲ့ နေရာတိုင်းမှာ ထွင်းထု အသိအမှတ်ပြု ပေးထားတာကိုလည်း တွေ့ရမှာပါ။ ဟိန္ဒူဘာသာ၊ မွတ်ဆလင်ဘာသာနဲ့ ခရစ်ယန်ဘာသာ သုံးမျိုးရဲ့သင်္ကေတတွေပေါ့။

မွတ်ဆလင်ဘာသာထုံးစံအတိုင်း တစ်နေ့ငါးခါ ဘုရားရှိခိုးဖို့ နေရာတွေနဲ့တွဲပြီး ရေပန်းတွေပါ အလှဆင်ထားပါတယ်။ ဘုရားမရှိခိုးခင် လက်ဆေးရတာ လွယ်အောင်လို့ ဖြစ်မယ်ထင်တယ်။ အဲဒီခေတ်က လေအေးပေးစက်မရှိပေမယ့် ပူတဲ့ရာသီမှာ နေလို့ကောင်းအောင် အဆောက်အဦးကို ကြိုတင်စီမံထားပါတယ်။ နွေရာသီချိန် စံမယ့် အခန်းတွေမှာ နံရံနှစ်ထပ် လုပ်ထားပြီး နံရံကြားမှာ ရေလမ်းကြောင်းစီးဆင်းဖို့ လမ်းကြောင်းတွေ လုပ်ထားတယ်။ အဆောက်အဦပေါ်က ရေလှောင်ကန်မှာ ရေဖြည့်တဲ့ အလုပ်သမား ၂ဝဝ က သားရေပြားကြိုးတွေနဲ့ ရေပုံးတွေလွယ်ပြီး ရေဖြည့်ရတယ်။ အဲဒီရေလှောင်ကန်ကနေ လွှတ်လိုက်တဲ့ရေက နံရံထဲက ရေလမ်းကြောင်းအတိုင်း စီးဆင်းနေတော့ အခန်းက အေးနေတာပေါ့။ လေဝင်တဲ့ လမ်းကြောင်းတွေ ထွင်ထားတာလဲ အဲဒီခေတ်က ပိသုကာတွေရဲ့ဥာဏ်ရည် မြင့်မားတာကို အကဲခတ်နိုင်ပါတယ်။ တယ်လီဖုန်း မရှိပေမယ့်လည်း အခန်းထောင့်တွေမှာ အပေါက်သေးလေးတွေနဲ့ သက်ဆိုင်ရာအခန်းတွေဆီ ဖောက်ထားလို့ ပြောချင်ရင် အဲဒီအပေါက်မှာ လက်နဲ့အုပ်ကာ တိုးတိုးလေးပြောရုံနဲ့ တခြားအခန်းဆီ အသံရောက်တဲ့စနစ်မျိုး သုံးထားတယ်။ အီရန်က အင်ဂျင်နီယာတွေရဲ့ လက်ရာပေါ့လေ။ ဒီနန်းတော်ကို ဆောက်ခဲ့တဲ့အာကဗာ ဘုရင်အလ္လာရှင်မြတ်ရဲ့ အမိန့်တော်ကို ခံယူပြီးသွားတဲ့နောက် ၁၆ဝ၅ ခုနှစ်မှာတက်လာတဲ့ ဂျဟန်းဂီးက လာဟိုးနဲ့ ကက်(ရှ်)မီးယား မှာ နန်းစံတာများပြီး အာဂရာကိုတော့ မှန်မှန်လာလည်လေ့ရှိပါတယ်။

ဘုရင်ဘယ်မှာပဲစံနေပါစေ အာဂရာမြို့ကတော့ မူဂေါအင်ပါယာရဲ့ မြို့တော်ကြီးအဖြစ် ရှိလျက်ပါပဲ။ စတုတ္ထမြောက် ရှာဂျဟန်ဘုရင်က ၁၆၂၈ ခုနှစ်တွင် အာဂရာမှာပဲ နန်းတက်ခဲ့ပါတယ်။ ကြီးကျယ်တဲ့ အဆောက်အဦးတွေ၊ ဗလီတွေဆောက်တာ ဝါသနာပါတဲ့ ‘ရှာဂျဟန်’ ဟာ ၁၆၅၈ ခုနှစ်၊ ဆာမိုဂါ(ရ်)စစ်ပွဲအပြီးမှာ သူ့ရဲ့သားတော် အော်ရန်ဂျေကို လက်နက်ချ အညံခံလိုက်ရပါတယ်။ အညံ့မခံလို့မဖြစ်တော့အောင် သုံးစရာရေတွေ ဖြတ်ချထားခံရတာကိုး။ နဂိုကတည်းက မိသားစုအရေးအခင်းနဲ့ ရှုပ်ထွေးနေခဲ့တာလည်း အကြောင်းအရင်းတစ်ခုပေါ့လေ။ ဖခင်ကြီးမမာစဉ်မှာ ညီအစ်ကိုချင်း နန်းလုကြတာပေါ့။ အော်ရန်ဂျေးဟာ ငယ်စဉ်တုန်းက  သူ့အဘိုးနဲ့ ကြီးပြင်း လာတာပါ။ သူ့အဘိုးဂျဟန်းဂီး ဘုရင်ကွယ်လွန်ပြီးမှသူ့မိဘတွေဆီမှာ လာနေတာဆိုတော့ မိဘအပေါ်လည်း သံယောဇဉ် သိပ်မကြီးဘူးနဲ့တူပါရဲ့။ ‘အော်ရန်ဂျေ’က သူ့ရဲ့ခမည်းတော်ကို အကျယ်ချုပ်နဲ့ နန်းချလိုက်လို့ ရှာဂျဟန်ဘုရင်ကြီးက သူ့ကိုယ်တိုင်အတွက် မာဘယ်(လ်)ကျောက် အနက်ရောင်နဲ့ သင်္ချိုင်းဆောက် မယ့် အစီအစဉ် ဟာလည်းပျက်ပြီပေါ့။ ရှာဂျဟန်ကို အကျယ်ချုပ်ထားတဲ့နေရာက နန်းတော်ကနေ တပ်(ခ်ျ)မဟာကို လှမ်းကြည့်ရင် အကောင်းဆုံးမြင်ရတဲ့ လေသာဆောင် ရှိတဲ့ အခန်းပါပဲ။ အခန်း ရဲ့ဘေးမှာ ရေပန်းတွဲရက်ရှိတဲ့ ဗလီဝတ်ပြုဖို့ နေရာ ပါရှိတယ်။ ရှာဂျဟန်အကျယ်ချုပ်ကျတဲ့ နေရာကကြည့်ရင် အရှေ့ဘက်မှာ ယမုံနာမြစ်ကို ကျော် လိုက်တာနဲ့ သူအမြတ်နိုးဆုံးမိဖုရားရဲ့သင်္ချိုင်း၊ အနောက်တောင်ဘက်မှာက ပါလီမန်အဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းတဲ့နေရာ။ အဲဒီနေရာမှာဘုရင်က မာဘယ်(လ်)ကျောက် အနက်ရောင်နဲ့ထုထားတဲ့ သလွန်ပေါ်မှာထိုင်ပြီး တရားစီရင်မှုကိုပြုချိန်မှာ ပါလီမန်ဝန်ကြီးချုပ်က မျက်နှာချင်းဆိုင်မှာရှိတဲ့ မာဘယ်(လ်)အဖြူရောင်သလွန်မှာ ခစား ရတာပေါ့။

နန်းကျဘုရင်ဟာ သူတရားစီရင်ဖူးခဲ့တဲ့ မဟူရာသလွန်ကို နေ့တိုင်းလှမ်းမြင်နေရတာ ဘယ်လိုခံစားနေရမလဲ။ ဘဝရဲ့အလှည့်အပြောင်း တွေပေါ် သံဝေဂနဲ့အတူ လောကဓံကို ကျေနပ်စွာ နားလည်ပေးလိုက် နိုင်လားဆိုတာလဲ သိချင်ပါရဲ့။ နန်းကျဘုရင်၊ ဘုန်းကြီးလူထွက်၊ ပင်စင်စား ဤသုံးပါး စပ်ကူးမတ်ကူး မလွယ်ဘူးဆိုတဲ့ ဆိုရိုးစကားလို ရှာဂျဟန်တစ်ယောက် ဘယ်လောက်ဒုက္ခရောက်ခဲ့မလဲ။ တစ်ချိန်တည်းမှာပဲ သူ့မိဖုရားရဲ့သင်္ချိုင်းကို ကြည့်လိုက်၊ ငိုလိုက်လုပ်လွန်းလို့ နန်းကျပြီး တစ်နှစ် အကြာမှာ ရှာဂျဟန်ဘုရင်ကြီး မျက်စိအဝေးမှုန် ပါလေရော။ သူ့ခမြာမယ် မိဖုရားကြီးရှိရာ မမြင်ရမနေနိုင်လို့ အလင်းပြန်တဲ့သလင်း ကြည်ပြားပေါ်မှာ ထင်လာတဲ့ ဟိုး အဝေးက တပ်(ခ်ျ)မဟာရဲ့ ပုံရိပ်ကို လေသာဆောင်မှာ သလင်းထောင်ပြီး အနီးကပ်ကြည့်ရရှာတယ်။ယမုံနာရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ မိဖုရားကြီးကို သူတို့ရဲ့ရင်သွေး ‘အော်ရန်ဂျေ’ ဘုရင်အကြောင်း တိတ်တဆိတ်ပြောပြနေမှာလား။ ရှုပ်ထွေးပွေလီလှတဲ့ နန်းတွင်းဇာတ်ရှုပ် ထဲမှာ သူတို့သမီးလေး မီးလောင်လုပ်ကြံခံလိုက်ရတဲ့ အဖြေကို ရှာနေမှာလား။ သားတွေ မညီညွတ်တာဟာ မိဖုရားကြီး ဆုံးမခွင့်မရှိအောင် အသက်တိုခဲ့ရလို့လားဆိုတဲ့ အတွေးအမေးတွေနဲ့ စိတ်ကူးထဲမှာ မိဖုရားကြိးကို ဆုံတွေ့ မေးနေမှာလားလို့ သိချင်နေမိတယ်။

နန်းကျပြီး ရှစ်နှစ်အကြားမှာတော့ ရှာဂျာဟန်လည်းကွယ်လွန်သွားပါရော။အဲဒီအခါကျမှ ဦးဆွေးဆံမြေ့ နှစ်ကိုယ်တူစံလို့ ပြန်နီးကြတယ်လို့ ဆိုရမယ်။ သူတို့ကြင်ယာ နှစ်ယောက်ရဲ့ဂူတွေကို တပ်(ခ်ျ)မဟာထဲမှာပဲ တောင်မြောက်ကပ်လျက် စီထားလိုက်တာကိုး။ ခံစားချက်မျိုးစုံနဲ့ နန်းကျဘုရင်တစ်ပါးစံခဲ့တဲ့ ဒီလေသာဆောင်ကနေ တပ်(ခ်ျ)မဟာကို လှမ်းကြည့်တဲ့အခါမှာတော့ အချစ်ကြောင့် ကြေကွဲခြင်း၊ ဆို့နင့်ရခြင်းတွေသာ ယမုံနာမြစ်ပြင်ပေါ်မှာ ထင်ဟပ်နေသလိုပါပဲ။ အော်ရန်ဂျေးလည်း အသက်ရလာတဲ့အခါ အရာရာမှာ အထီးကျန်ပြီး စိတ်ကျလာတဲ့ သဘောရှိပါတယ်။ သူ့နောက်ဆုံးနေ့ရက်များမှာ သူ့ရဲ့ပုံတူတွေက ခေါင်းငိုက်စိုက်တွေ ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့်  နောင်တတွေနဲ့ အစိုးမရမှုတွေကို နားလည်သွားလိမ့်မယ်လို့ ထင်ရတယ်။ သူဟာ အသက် (၉ဝ)မှာမှ ကွယ်လွန်ခဲ့တာလေ။ ဒီနေ့ခေတ်လို အချိန် အခါမျိုးမှာ တပ်(ခ်ျ) မဟာကနေရတဲ့ဝင်ငွေတွေနဲ့ တိုင်းပြည်ဂုဏ်တင့် နေတာကို အော်ရန်ဂျေးဘုရင်ရဲ့ဝိညာဉ်က မြင်နိုင်စွမ်းရှိခဲ့ရင် နောင်တရနေမလား။ ဟိုတုန်းက အမှားလို့ သတ်မှတ်ခဲ့တဲ့ သူ့အဖေရဲ့ ဖြုန်းတီးခြင်းတွေဟာ အခုတော့ ဂုဏ်ယူစရာ ရင်းနှီး မြှုပ်နှံမှုတွေပါလား။ ဒီတိုင်းပြည်ကို လုပ်ကျွေးနေတဲ့အချစ်များ ဇာတ်လမ်းမှာ အော်ရန်ဂျေးကသာ ဗီလိန်မဖြစ်ခဲ့ရင်လည်း တပ်(ခ်ျ)မဟာရဲ့ရာဇဝင်ဟာ ဒီလောက် နင့်နင့်နဲနဲခံစားရမှာ မဟုတ်တာ သေချာပါတယ်။ ဒါမှမဟုတ်ရင်လည်း ခုချိန်မှာ မာဘယ်(လ်)ကျောက်အဖြူနဲ့ ဆောက်ထားတဲ့ မိဖုရားသင်္ချိုင်းနဲ့ မာဘယ်(လ်)ကျောက်အနက်နဲ့ ဆောက်ထားတဲ့ ဘုရင်သင်္ချိုင်းတို့အလယ်မှာ ယမုံနာမြစ်ကြီးဟာ ကိန္နရာချောင်းခြားနေမှာလား။

အချစ်နဲ့တည်ဆောက်တဲ့ ဒီကမ္ဘာမှာ ရှာဂျဟန်ဘုရင်ရဲ့ အချစ်ကြီးမှုဟာ ဟိုတစ်ချိန်တုန်းကတော့ ရူးသွပ်မှုတစ်ခုလို့ ကွယ်ရာကနေ ရှုံ့ချကြမှာပါပဲ။ မွမ်တပ်(ခ်ျ) မိဖုရား အပေါ်မှာ စွဲလန်းတမ်းတခဲ့တဲ့ ကြီးမြတ်တဲ့အချစ်မျိုးဟာ ဂန္တဝင်မြောက်တဲ့အချစ်လို့ဆိုရင် မမှားပါဘူး။ တစ်ဘဝလုံး ဖော်ညွှန်းခဲ့တဲ့ အချစ်ဟာ သူ့တိုင်းပြည်ကိုလည်း အကျိုးပြုစေခဲ့တဲ့အပြင် ကမ္ဘာပေါ်က လူတိုင်းကိုလည်း အချစ်ရဲ့ကြီးမားတဲ့ တန်ဖိုး၊ ဂုဏ်သိက္ခာနဲ့ သမိုင်းတစ်ခုကို ရင်တွင်းကိုယ်စီမှာ ခံစားရစေတဲ့ ကဗျာဆန်ဆန် အချစ်ဇာတ်လမ်းလေးပေါ့။
ငွေသော်တာ

Leave a reply

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>