မရိပ်မိလို့ မသိတာပါ သံဝေဂရစရာတွေချည်းသာ

     ဗုဒ္ဓဂယာ ခရီးသွားမယ် ဆိုတာကို ဆရာတော်ကြီးတွေကို ကြိုလျှောက်တော့ အားလုံးက သံဝေဂ ဥာဏ်ဖြစ်အောင်၊ သစ္စာလေးပါးတရား တွေသိခဲ့အောင် ကြိုးစားခဲ့ဖို့ မိန့်ကြတယ်။ လွန်ခဲ့တဲ့ (၁၄)နှစ်က သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ)နဲ့ အဝိဇဟိတ လေးဌာန (ဘုရားရှင်တိုင်း မစွန့်အပ်သော နေရာ အရပ်များ)တွေ ကို ရောက်ခဲ့ဖူးပါတယ်။ သွားတဲ့အချိန်က ရာသီဥတု ပူလို့ ပင်ပန်းလွန်းတာကလွဲပြီး ဘာသံဝေဂမှ မရပေါင်၊ အသက်ငယ်သေးတာလည်း ပါမယ်။ အရင်သွားတုန်းက ‘ကာလကတ္တား’ကနေ တစ်ဆင့် သွားခဲ့ဖူးတယ်။ ခုတော့ ရန်ကုန်နဲ့ ဂယာကို တိုက်ရိုက်ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေ ရှိလာတော့ သွားချင်ရင် ထသွားရုံပဲ။  အခုတော့ ကာလကတ္တားလည်း ‘ကိုလ်းကတ္တား’ ဆိုပြီး ခေါ်တွင်နေပြီပေါ့။ ဘုံဘေမြို့လည်း မွန်ဘိုင်းဆိုပြီး ပြောင်းလဲနေပြီလေ။

         ရောက်ပါပြီ ဂယာ။ လွန်ခဲ့တဲ့ နှစ် (၂၅ဝဝ) ကျော် ဆိုတာမပြောနဲ့၊ အရင် (၁၄)နှစ်ကနဲ့ ဘာမှ မတူတော့တဲ့ ဘုရားပွဲကြီးလိုပါပဲလား။ လူတွေ၊ ဆိုင်တွေလည်း စည်ကား လိုက်တာ။ တိဗက်တွေ အလာများတဲ့ရာသီဆိုတော့ ဝမ်းလျားမှောက်ရှိခိုးတဲ့ ပျဉ်ခင်းတွေလည်း အစီရီပဲ။ မြန်မာတွေက ထိခြင်းငါးပါးနဲ့ကန်တော့သလို တိဗက်တွေက မတ်တတ်အနေထားကနေ ဝမ်းလျားမှောက်သွား တဲ့အထိ ဒိုက်ထိုးသလိုမျိုး ထိခြင်းအားလုံးနဲ့ ကန်တော့တာလားမသိ။ သူတို့က ဘုရားလောင်း သုမေဓာရသေ့ဘဝတုန်းက ဘုရားရှင်ကို ဖူးမြော်ရာမှာ မပြီးသေးတဲ့လမ်းပေါ်မှာ ခန္ဓာကိုယ်ကို တံတားသဖွယ်ခင်းပြီးကြိုတဲ့ပုံစံမျိုး (ဗျာဒိတ်ခံစဉ်) ကို ရည်ရွယ်လို ဟန်တူပါတယ်။ ထိုင်းအဖွဲ့တွေက လည်း စနစ်တကျပဲ။ ဂျပန်၊ တရုတ် (တိုင်ပေ)၊ သီရိလင်္ကာလည်း လာတာပဲ။ လူမျိုးစုံဟာ ဘုရား ပွင့်ခဲ့တဲ့ ဒီအရပ်မှာ နည်းမျိုးစုံနဲ့  ဂုဏ်တော်တွေပုံ ဖော်ရင်း ပူဇော်နေကြတာကြည့်ရင်း ဗုဒ္ဓရဲ့မဟာ ကရုဏာဥာဏ်တော်သက်ရောက်မှု အချိန်ကာလ ရှည်တွေကို အံ့သြမိပါတယ်။

           အာရှမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေက ရဟန်းတွေစုရုံးပြီး ပိဋကတ်သုံးပုံရွတ်ဖတ်ပူဇော်ပွဲ ကြီး ဆယ့်နှစ်ရက် (၁၂.၃.ဝ၇ မှ ၂၄.၃.ဝ၇ ထိ) ကျင်းပဖို့လည်း ဗုဒ္ဓဂယာရဲ့ သတ္တဌာန တစ်ဝိုက်မှာ ကြိုတင်ပြင်ဆင်နေပါတယ်။ ဒါဟာ နှစ် (၇ဝဝ) အတွင်းမှာ ဒုတိယအကြိမ် ကျင်းပ နိုင်ခြင်းပါ။ ခုလိုဖြစ်မြောက်ဖို့ကို LBDFI (www.lbdfi.org) က ကူညီပံ့ပိုးပေးတာလေ။ မျက်မှောက်ကာလမှာ ဗုဒ္ဓဟောဖော်ညွှန်ပြခဲ့တဲ့ တရားအနှစ်သာရတွေ ပျံ့နှံ့နေသလို တစ်ဖက်က လည်း ဗုဒ္ဓကိုယ်တော် တိုင် သုံးဆောင်တော်မူခဲ့တဲ့ ရုပ်ဝတ္ထုပစ္စည်း အမှတ်သညာတွေ ယိုယွင်းနေတာ ဟာလည်း သံဝေဂရစရာတစ်ခုပါပဲလေ။ အရင် (၁၄)နှစ်တုန်းက မဟာဗောဓိပင်ကြီး မှာ ရွှေသင်္ကန်း၊ ကြာသင်္ကန်းတွေ ကိုယ်တိုင်ဝင်ထွက် ကပ်လို့ရပေမယ့် ခုတော့ ပွတ်လုံးတိုင်တွေရဲ့ အပြင်ကသာ အာရုံပြုကြရတယ်။ စတုတ္ထမျိုးဆက်  ဗောဓိပင် ကြီးလည်း သံမဏိတိုင်တွေနဲ့ ထောက် ကူနေရပြီး ဂျပန်ပညာရှင်တွေရဲ့ ဆေးဝါးကုသမှု ကို ခံနေရပါပကော။

           ဂယာမြို့မှာ အာရုံပြုစရာ သတ္တဌာနအပြင် သုဇာတာကပ်တဲ့ ဃနာနို့ဆွမ်းရွှေခွက်ကို အဓိဋ္ဌာန်ပြုမျှောရာ နေရဉ္စရာမြစ်၊ ဒုက္ကရစရိယာ ကျင့်တဲ့ ဥရုဝေလတောင်၊ မဟန့်နန်းတော်နားက မင်းတုန်းမင်းဇရပ်နဲ့ ကျောက်စာတိုက်တို့လည်း ရှိသေးတယ်။ ဒုက္ကရစရိယာဆိုတဲ့ ခဲယဉ်းစွာပြုရ သောအကျင့်ကိုကျင့်တဲ့တောင်ကို အတော် ပင်ပင် ပန်းပန်းတက်ရတယ်။ မြတ်စွာဘုရားရှင်ကိုယ် တော်တိုင် ကျင့်ခဲ့တဲ့အကျင့်ရော ဘယ်လောက် ပင်ပန်းလိုက်မလဲ။ မဟန့်နန်းတော် အနားမှာရှိတဲ့ မင်းတုန်းမင်း ဇရပ် ကို မြင်ရတော့ စိတ်မကောင်း။ ဇရပ်ထဲမှာ ဖြစ်သလိုနေကြတဲ့ အိန္ဒိယလူမျိုးတွေ ရဲ့အိပ်ရာများနဲ့ အဝတ်ကြိုးတန်းများက တွဲရရွဲ။ ကျောက်စာတိုက် ကလေးနှစ်ခု ကလည်း ခြုံထဲက နေ အလှူရှင်မျှော်နေသယောင်။ ကျောက်စာလည်း တစ်ချပ်ပဲရှိတော့တာမို့ အဲဒီကျန်နေသေး တဲ့ကျောက်စာပါပျောက်သွားမှာ အဟုတ်စိုးရိမ်မိ ပါတယ်။

            မိဂဒါဝုန်မှာ ဓမ္မစကြာတရားဟောတဲ့နေရာ၊ အနတ္တလက္ခဏသုတ်ဟောတဲ့နေရာတွေကို မြင်တာနဲ့ အေးအေးဆေးဆေး တရားမှတ်ချင်စိတ်တွေ ဘယ်သူမဆိုဖြစ်ကြမှာပါပဲ။ လူအများနဲ့ စု သွားရတဲ့ခရီးဖြစ်တာကတစ်မျိုး၊ လေ့လာကြည့်ရှုဖို့ တဖွဲဖွဲရောက်နေကြတဲ့ နိုင်ငံခြားသားအဖွဲ့တွေ များတာကတစ်ကြောင်းမို့ သီးသန့်အချိန်ပေးသွားသင့်တဲ့နေရာပါပဲ။ အဲဒီဝင်းထဲမှာပဲ အာသောက ကျောက်တိုင်အကျိုးအပဲ့တွေကို သံဆန်ခါနဲ့ခတ်ပြီး ပြထားတာတွေ၊ ဟိုးတုန်းက လက်ရာနဲ့ ထွင်းထုထားတဲ့ ကျောက်သားအကျိုးအပဲ့တွေ မြင်ရတာဟာ  အတော်စိတ်မချမ်းမြေ့စရာပါ။

           လုမ္ဗိနီမှာလည်း အာသောကကျောက်တိုင် က ဘုရားလောင်းဖွားတဲ့နေရာ (အခုတော့ အုတ်တိုက်နဲ့ပေါ့လေ) နားမှာရှိတယ်။ ဘုရားလောင်း ဖွားစဉ်က အင်ကြင်းတောဖြစ်ခဲ့ပေမယ့် ခုတော့ အင်ကြင်းပင် အလတ်လေးနှစ်ပင်လောက်ပဲ တွေ့ခဲ့ရတယ်။ အဲဒီအင်ကြင်းပွင့်နဲ့ ရန်ကုန်မှာ တွေ့ရတဲ့ အင်ကြင်းပွင့်တွေက မတူဘူး။ ရန်ကုန် က အပွင့်တွေကကြီးပြီး တစ်ပွင့်စီပဲပွင့်တာ။ လုမ္ဗိနီက အင်ကြင်းက အပွင့်သေးသေး အခိုင်လိုက်၊ အဆုပ်လိုက် ပွင့်တယ်လို့ပြောကြတယ်။ ဆရာ ဦးမြသန်းစံကတော့ လုမ္ဗိနီကိုရောက်ရင် ကိလေသာအကြောင်းကို ပိုဆင်ခြင်ဖြစ်တယ်လို့ ဆိုတယ်။ ကိုယ်ကတော့ ဥာဏ်မမီလို့ ဘာကို ဆင်ခြင်ရမှန်းကို မသိတာ။ လုမ္ဗိနီက လောက မဏိစူဠာစေတီတော်၊ အာနန္ဒာသိမ်တော်၊ မြန်မာ ရွှေကျောင်းတို့ကို ဖူးတွေ့ရတာလည်း ကြည် ကြည်လင်လင်နဲ့ကို ဝမ်းသာပီတိဖြစ်မိ တာပါ။ မြန် မာတွေ လှူဒါန်းနိုင်တာကိုလည်း သာဓု အကြိမ်ကြိမ်ခေါ်ရင်း မုဒိတာပွားမိပါတယ်။

           ကုသိနာရုံရောက်တော့ အံ့သြသွားတယ်။ လွန်ခဲ့တဲ့ (၁၄)နှစ်က မရှိသေးတဲ့ မဟာသုခံဒဒ ချမ်းသာကြီးစေတီတော်ကို ဖူးလိုက်ရတာ ရန်ကုန် နဲ့နီးနေသလို ခံစားလိုက်ရတယ်။ ရွှေတိဂုံနဲ့ပုံစံတူ နေတာကိုး။ ဘုရားရှင် ပရိနိဗ္ဗာန်မပြုခင် ဘုဉ်းပေးခဲ့တဲ့ ဝက်ပျိုသားဟင်းက နတ်သြဇာတစ်မျိုးထည့် ချက်ထားလို့ ဝမ်းတော်လား ရတာတဲ့။ တချို့ကျမ်း တွေမှာ ဝက်ပျိုသား မဟုတ်ဘဲ မြေဇာဥနဲ့တူတဲ့ မှိုတစ်မျိုးလို့လည်း ပြောကြပြန်ရော။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုတဲ့ ဒီကုသိနာရုံကို ရောက်တဲ့သူတချို့ က ဝမ်းနည်းကြ ရတယ်တဲ့။ ဘုရားကို လွမ်းတာ လည်းပါမယ်၊ ကိုယ်ကိုယ်တိုင်လည်း သံသရာတွေ ဒီလောက်ရှည်နေတဲ့အထိ ကျွတ်တမ်းမဝင်နိုင် သေးလို့ အားငယ်တာ လည်းပါမယ် ထင်တယ်။ မြတ်ဗုဒ္ဓရဲ့ကိလေသာပရိနိဗ္ဗာန် (ဗောဓိပင်နှင့် ရွှေပလ္လင်တွင် ဘုရားဖြစ်ပြီးစကပင်ပြုလုပ်ခဲ့)၊ ခန္ဓ ပရိနိဗ္ဗာန် (ကုသိနာရုံတွင် ကျင်းပခဲ့) တို့ကို မမီပေမယ့် ဓာတုပရိနိဗ္ဗာန်မတိုင်ခင်ထိတော့ ကြိုးစား အားထုတ်နိုင်ကြပါသေးတယ်။

           သိဒ္ဓတ္တ မင်းသားဘဝနဲ့ရော ဂေါတမဘုရား အဖြစ်နဲ့ပါ ကျင်လည်ခဲ့ တဲ့နေရာတွေမို့ ဒီနေရာ တွေကို မြေမြတ်မဟာလို့ တင်စားကြပါတယ်။ အဲဒါကြောင့်  မြင်မြင် ကရာ စိုက်ခင်းပျိုးခင်းတွေ ကလည်း အားရစရာဖြစ်ထွန်းနေတာလို့ ပြောကြ တယ်။ အလွန် ကံကောင်းတဲ့တိုင်းပြည်ပါပဲ။ ဂယာကနေ မိဂဒါဝုန်ရှိတဲ့ ဗာရာဏသီကို ကားနဲ့ သွားရင် (၈)နာရီကျော်ကြာ၊ မိဂဒါဝုန်ကနေ သာဝတ္တိကိုလည်း တစ်နေကုန်နီးပါး၊ သာဝတ္တိ ကနေ လုမ္ဗိနီကိုလည်းတစ်နေကုန်၊ ဘုရားမွေး ရပ်မြေ လုမ္ဗိနီက နီပေါထဲမှာမို့ အိန္ဒိယ၊ နီပေါ နယ်စပ် လူဝင်မှုကြီးကြပ်ရေးကလည်း အဆင် မသင့်ရင် ကြာတတ်သေးတယ်။ လုမ္ဗိနီကနေ ကုသိနာရုံက နေ့ဝက်ခရီး၊ ကုသိနာရုံကနေ ပတ္တနားကလည်း (၁ဝ)နာရီကျော် မောင်းရတာမို့ လမ်းခရီးမှာ အိမ်သာအခက်အခဲက ရှိပြီးသားပဲ။ လမ်းမှာ  Reliance ဓာတ်ဆီဆိုင်ကဖွင့်တဲ့ A1 စားသောက်ဆိုင်ရှိမှ အိမ်သာရှိတယ်။ မဟုတ်လို့ ကတော့ လမ်းဘေးမှာပဲ ချုံခိုတိုက်ပွဲခင်းပေရော့။ အပေါ့အပါးသွားတာကို စိတ်ဝင်စားမယ့်ကုလားကလည်း နောင်ပြန်တွေ့ရမယ့် သူတွေမဟုတ်လို့ ကိစ္စမရှိ။ ဘုရားဖူး အချင်းချင်းကျတော့ ရှက်ရ၊ အားနာရနဲ့ အတော်ဒုက္ခများတယ်။ ဆီး၊ ဝမ်းကိစ္စ ဆိုတာကလည်း ကိုယ်က သြဇာညောင်းတဲ့အရာ မဟုတ်ဘူး။ အောင့် ထားစမ်း ဆိုလည်း ခဏပဲရ မှာ။ ကိုယ့်ကိုယ်ကို အစိုးမရတဲ့ သဘာဝဒုက္ခတွေ ကြားထဲမှာ ဥာဏ်နည်းလို့ ပိုအဆင်မပြေဖြစ်ရ တာလေးတစ်ခုပြောချင်သေးတယ်။ တခြား မဟုတ်ပါဘူး..ကားက တစ်နေကုန် စီးရမှာ ဆိုတော့ သက်သောင့်သက်သာ ပိုဖြစ်မလားဆိုပြီး ဘောင်းဘီရှည် ဝတ်လိုက်မိတာ၊ လမ်းမှာ အပေါ့ပါးသွားချင်တော့ လုံချည် လို ဣနြေ္ဒရရ အုပ်လို့မရဘူးလေ။ ရောက်လိုက်တဲ့ဒုက္ခ၊ သင်ခန်းစာတစ်ခုပါပဲ။ ဒါတောင် အဲဒီနေ့က မိုးမရွာလို့။ နှင်းမိုးကျ တဲ့နေ့တွေနဲ့လည်း ကြုံခဲ့ရသေးတယ်။ အဲလိုနေ့တွေဆို ကိုယ့်ကိုယ်ကို သတိထားပြီး စားသောက်မှု အတိုင်းအတာကို ချင့်ချိန်မှုပြုကြပေရော့ပဲ။ များများသောက်ရင် ခဏခဏပေါက်ရတော့မှာလေ။ မိုးထဲမှာ ထီးလေးကိုင်ပြီး အပေါ့အပါးသွားရတာ ပျော်စရာမှမဟုတ်တာ။ လမ်းမှာဒုက္ခဖြစ်မှာ ကြောက်တော့ မနက်လင်းတာနဲ့ ကော်ဖီသောက်၊ အိမ်သာထိုင်ပြီး ဝမ်းရအောင် လုပ်ထားရတယ်။ မဟုတ်ရင် ဘယ်နေရာမှာ ဘယ်လိုစခန်းသွားရ မလဲဆိုတာကို တထိတ်ထိတ်နဲ့ အစာဟောင်းအိမ် ရှိရာပဲ အာရုံပြုနေရမှာ။

    စိတ်မောလူမော ကြားထဲက နောက်ဒုက္ခက အမျိုးသမီး ဓမ္မတာလာခြင်းပဲ။ စွန်းပေမှာစိုးရ၊ အဲဒီ လစဉ်သုံးပစ္စည်း လဲဖို့နေရာမတွေ့မှာ စိုးရ၊ သွေးအားနည်း တတ်တဲ့ အချိန်မို့ ပိုနွမ်းရတဲ့ကြားထဲ ကားကတစ်နေကုန် စီးနေရတာဆိုတော့ လူက မြော့မြော့ပဲ။ တရားစာလည်း မရွတ်နိုင်၊ စိတ်ပျက်ပျက်နဲ့ ကိုယ့်ခန္ဓာအကြောင်းပဲ ကိုယ်စဉ်း စားတော့ မှ ခန္ဓာထဲမှာ သူ့သဘောနဲ့သူ လည်ပတ်နေတဲ့ ယန္တရားတွေမှာ ‘ငါ’ဆိုတဲ့အရာ တပ်ခွင့်ရှိတဲ့နေရာ ကို မတွေ့တော့။ ဆီး၊ ဝမ်းသွားချင်လည်း သူ့ သဘော၊ ဓမ္မတာအပေါ်မှာလည်း ဘာမှအစိုးမရ နဲ့၊ တကယ့် သံဝေဂဌာနက ကိုယ့်ကိုယ်ထဲမှာရှိနေ တာပဲ။ ဓမ္မကထိကတော့ ကိုယ့်ခန္ဓာထဲမှာ ဟောနေပြီ။ အဲဒီသံဝေဂရတော့မှ ကိုယ့်ရဲ့ခန္ဓာကိုယ် အတ္တဘောကြီးကို အလွန်ကျေးဇူးတင်မိတယ်။ အိန္ဒိယမှာ အိမ်သာပါးရှားလို့သာ ဆီးဝမ်းကိစ္စ သတိထားမိလာတာမို့ သူတို့ဓလေ့ကိုလည်း အထောက် အပံ့ကောင်းတစ်ခုအနေနဲ့ ကျေးဇူးတင် ဖြစ်တယ်။ အမျိုးသမီးတွေရဲ့လစဉ်ဓမ္မတာ အပေါ်မှာလည်း အပြစ်မမြင်ဘဲ ရ,ထားတဲ့ အမျိုးသမီး သဘာဝကိုက အဆိုးထဲက အကောင်းလို သံဝေဂယူတတ်ရင် ရနေပြန်ပါရော။ ယောက်ျား တွေမှာ ဒီလိုရှုမှတ်ဆင်ခြင်နိုင်စရာမှ မပါဘဲ။

            ဒီဘုရားဖူးခရီးစဉ်မှာ ရောက်ခဲ့ရတဲ့ သံဝေဇနိယလေးဌာန (ဘုရား ဖွား၊ ပွင့်၊ ဟော၊ စံ အရပ်များ)၊ အဝိဇဟိတလေးဌာနဆိုတဲ့ ဘုရားရှင် တိုင်း မစွန့်အပ်သော နေရာအရပ်များဟာ သံဝေဂယူသင့်တဲ့နေရာဆိုပေမယ့် ဘုရားရှင်ရဲ့ ဂုဏ်သတ္တိတွေ ဒီအချိန်ထိပျံ့နှံ့နေတဲ့ စွမ်းပကား က အံ့မခန်းမို့ သံဝေဂကလည်း ယူတတ်မှရမှာ။ ဒီဗုဒ္ဓဂယာ ဘုရားဖူးပြီးရင် အပါယ်တံခါးပိတ် တယ်လို့ဆိုတာကတော့ ဘုရားဖူးရုံနဲ့ပိတ်မှာ မဟုတ်ပါ။ ခရီးရှည်တစ်လျှောက် ပင်ပန်းပေမယ့် ဘုရားဖူးအချင်းချင်း နားလည်ဖေးမမှုတွေနဲ့ ခန္တီပါရမီဖြည့်နိုင်ကြမှပါ။ ပင်ပန်းလှတဲ့ ဒီဘုရားဖူး ရက်ရှည်ခရီးဟာ သံဝေဇနိယလေးဌာနအပြင် ကိုယ်တွင်းသံဝေဂတွေ နဲ့ဖြည့်ဆည်းရင်း သံသရာ ခရီးအတွက် အလေ့ကျင့်ကောင်းတွေရတဲ့ ဘုရားဖူးခရီး တစ်ခုပါပဲ။ ရလာတဲ့သံဝေဂကိုပဲ ဥာဏ်အဖြစ်ရောက်အောင် အထပ်ထပ် နှလုံးသွင်း ဆင်ခြင်မိဖို့ ဆက်ပြီးကြိုးစားနေရဦးမှာပါ..ဒါမှ လည်း သံဝေဇနိယလေးဌာန ဖူးမြော်ခြင်း အပေါ် ဘုရားရှင်က ညီတော်အာနန္ဒာကို မိန့်မှာခဲ့တဲ့ -

    ”ချစ်သားအာနန္ဒာ-သဒ္ဓါတရားနှင့်ပြည့်စုံ သော ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ ဥပသကာ ဒါယကာ၊ ဥပသိကာဒါယိကာမများတို့သည် (၁) ဤ လုမ္ဗိနီဌာန၌ မြတ်စွာဘုရား ဖွားမြင်တော်မူ ၏ဟုလည်းကောင်း၊ (၂) ဤမဟာဗောဓိ အောင် မြေဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ် သော သမ္မာသမ္ဗောဓိ ဥာဏ်တော်ကို ရတော်မူ၏ ဟူ၍လည်းကောင်း၊ (၃) ဤမိဂဒါဝုန်တော၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော တရား တော် ဓမ္မစက် ကို မြွက်လည်စေတော်မူ၏ဟူ၍ လည်းကောင်း၊ (၄) ဤကုသိနာရုံဌာန၌ မြတ်စွာ ဘုရားသည် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်း သဘော=အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ဝင်စံ တော်မူ၏ဟူ၍လည်းကောင်း၊ ကြံစည်အောက်မေ့ လျက် လာရောက်ကြလိမ့်မည်။ ချစ်သားအာနန္ဒာ -စေတီပုထိုးတို့ကို ဖူးမြော်ရန်သွားလာလှည့်လည် ကြသော သူတို့သည် ကြည်ညိုစိတ် ရှိကြလျက် သေကုန်လျှင် ထိုသူအားလုံးတို့သည် ကိုယ်ခန္ဓာ ပြတ်ကြွေသေသည်မှ နောက်ကာလ၌ ကောင်းသောလားရာ နတ်ရွာသုဂတိသို့ရောက်ရှိကြလိမ့်မည်” ဟု မိန့်တော်မူခဲ့တဲ့ စကားဟာ တရားအဖြစ် မိမိသဏ္ဌာန်မှာ ထင်ရှားလာမှာမဟုတ်လား..။

ငွေသော်တာ

Leave a reply

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>