Social Media

Life-Style

အသက် ၁၅ နှစ်အောက် ကလေးတွေ ရဲ့ မိဘတွေဟာ ကိုယ့်သားသမီးရဲ့ password တွေ သိထားသင့်တယ်။

အထက်ပါ စကားကို google ၏ CEO ဖြစ်သူ Eric Schmidt ပြောခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့ အချိန် တွင် အသက် ဆယ်နှစ်ကျော် စ လူငယ်လေး များမှသည် လူလတ်၊ လူကြီးပိုင်း များထိ Gmail ၊ Facebook ၊ Twitter အစရှိသည့် social media များစွာ ကို အသုံးပြုနေကြပြီ ဖြစ်ပါသည်။ မိတ်ဆွေ ကွန်ရက် ကျယ်ပြန့်စေခြင်း၊ သတင်း အချက်အလက် များစွာ ရယူ ကြည့်ရှုနိုင်ခြင်း၊ သိချင်သည် များကို အချိန်မကုန် လူမပင်ပန်း တစ်ခဏ အတွင်း ရှာဖွေ သိနိုင်ခြင်းများသည် social media ၏ ကောင်းကျိုး များဖြစ်သော်လည်း အကန့်အသတ် မရှိသုံးပါက အချိန်များစွာ ကုန်ခြင်း၊ ကျောင်းစာနှင့် သက်ဆိုင်ရာ အလုပ် များကို အာရုံ မစိုက်နိုင်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ပြင်ပတွင် ရင်းနှီး သိကျွမ်းခြင်း မရှိဘဲ အလွယ်တကူ friend လုပ်မိရာမှ ချိန်းဆို တွေ့ဆုံကြပြီး မလိုလားအပ်သည့် ကိစ္စများ ရင်ဆိုင် ကြုံတွေ့ရသည်မှာ လည်း မြင်သာသည့် ဆိုးကျိုးများ ဖြစ်ပါသည်။ ထို့ကြောင့် ‘လူငယ်များနှင့် social media အသုံးပြုမှု’ နှင့်ဆက်စပ်ရာ အကြောင်းအရာ များနှင့် ပတ်သက်၍ ဆယ်ကျော်သက် သားသမီး တို့ ၏မိခင်များဖြစ်သော ဒေါ်ချောခင်ခင် (Group CEO, MCC Group)၊ ဒေါ်မေဖြူသွယ် (Director, Lucky Bird Group of Compa­nies) ၊ ဒေါ်နန်းကလျာဝင်း (CEO, Asian Fame Media Group) နှင့် ဒေါ်ဖြူဖြူတင် (Director, Monuments Books & Toys) တို့ကို ဖိတ်ခေါ်ကာ စကားဝိုင်း စီစဉ်ဖြစ်ခဲ့ပြီး ဆွေးနွေးချက်များကို ယခုလ မျက်နှာဖုံး ဆောင်းပါးအဖြစ် ပြန်လည် ဖော်ပြလိုက်ပါသည်။

LST -အရင်ဆုံး တစ်ဦးချင်းနဲ့ သားသမီးတွေရဲ့အကြောင်းကို နွေးပေးပါ။ မိတ်ဆက်ပြောပြပေးပါ။

DCKK -ကျွန်မက ချောခင်ခင်ပါ။ MCC Group ရဲ့ Group CEO  ဖြစ်ပါတယ်။ ကျွန်မမှာ ၁၃ နှစ်အရွယ် သမီးလေးတစ်ယောက် နဲ့ ခုနစ်နှစ်အရွယ် သားလေး တစ်ယောက် ရှိပါတယ်။

DMPT – ကျွန်မက မေဖြူသွယ်ပါ။ Lucky Bird Group of Companies ရဲ့ ဒါရိုက်တာ အဖြစ် တာဝန်ယူနေပါတယ်။ ကျွန်မမှာ ၁၁ နှစ်အရွယ် သမီးလေး တစ်ယောက်နဲ့ ငါးနှစ်အရွယ် သားလေးတစ်ယောက်ရှိပါတယ်။

DNCW – ကျွန်မက နန်းကလျာဝင်းပါ။ Asian Fame Media Group ရဲ့ CEO ပါ။ ကျွန်မမှာ ၁၉ နှစ် အရွယ် သမီးကြီး နဲ့ ၁၄ နှစ် အရွယ် သားလေး တစ်ယောက် ရှိပါ တယ်။

DPPT -ကျွန်မက Monument Books & Toys ရဲ့ Director ဖြူဖြူတင် ဖြစ်ပါတယ်။ ကျွန်မ သမီးကြီးက ၁၄ နှစ်ရှိပြီ ဖြစ်ပြီး သားငယ် ကတော့ ကိုးနှစ် ရှိပါပြီ။

LST -ဒီနေ့စကားဝိုင်းက မြန်မာနိုင်ငံမှာ တော်တော် အသုံးများလာတဲ့ Social Media ကို လူငယ်တွေ အနေ နဲ့ အကောင်း ဘက်ရောက်အောင် ဘယ်လိုသုံးရမလဲ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ စီစဉ်ဖြစ်တာပါ။ တစ်ဦးချင်းရဲ့အမြင်လေးတွေကို ပါဝင်ဆွေးနွေးပေးပါ။

Daw-Chaw-KhinDCKK -မြန်မာနိုင်ငံမှာ ခေတ်စားတဲ့ Social Media ကတော့ Facebook၊ You Tube ၊ Twitter စတာတွေ ရှိပါတယ်။ Social Media ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ကိုယ့်ရဲ့ သတင်း အချက် အလက်တွေကို ပွင့်ပွင့် လင်းလင်း ဖလှယ်လို့ ရတဲ့ Community လေးတစ်ခုပါ။ သုံးတာတွေ ကျယ်ပြန့်လာတဲ့ အခါ သူ့ရဲ့ Impact တွေ ရှိလာတယ်။ ဒီထက်မကလည်း ရှိလာနိုင်တယ်။ Social Media  ရဲ့ အကျိုး သက်ရောက်မှုက များလာတဲ့ အခါ အပျော် သဘောကနေ အပြုသဘော လုပ်ငန်းတွေ မှာ သုံးလာကြတာတွေလည်း အများကြီး ရှိလာတယ်။ ပြည်တွင်းမှာဆိုရင် အရင်တုန်းက မီဒီယာ ကုမ္ပဏီတွေလောက်ပဲ social media ပိုင်းကို စိတ်ရှည် လက်ရှည် လုပ်ကြပေမဲ့ နောက်ပိုင်း မီဒီယာ ကုမ္ပဏီ မဟုတ်တဲ့ ကုမ္ပဏီတွေ တော်တော်များများလည်း website တွေကနေ တစ်ဆင့် connectivity အတွက် social media ကို သုံးလာကြပါတယ်။

DMPT – ကျွန်မတို့၊ မချော တို့တွေရဲ့ လုပ်ငန်းခွင်က IT နဲ့ပတ်သက်တာ ဖြစ်တဲ့အတွက် ကိုယ့်ပတ်ဝန်းကျင်၊ မိသားစု၊ အလုပ်မှာ social networking က ပတ် သက်နေ ရပါတယ်။ အဓိက ကတော့ social media အသုံးပြုမှုဟာ ဆိုးကျိုးတွေ ရှိသလို ကောင်းကျိုးတွေလည်း ရှိတာမို့ လုပ်ငန်းခွင်က လူငယ်တွေ အနေ နဲ့လည်း အနှစ်သာရ ရှိရှိ သုံးစေချင်တာပါပဲ။ ကိုယ်တိုင် အနေနဲ့ ဆိုရင်တော့ Facebook၊ Twitter သုံးပါတယ်။

DCKK – ကျွန်မက Facebook ရော Twitter ပါ Account ဖွင့်ထားပါတယ်။ Facebook မှာရှိတဲ့ မိတ်ဆွေတွေ က ပြည်ပမှာ ကျောင်းသွားတက်ရင်း ခင်ခဲ့တာ များတယ်။ ၂ဝဝ၇ ခုနှစ် ၊ကျောင်းသွားတက်တုန်း ကတော့ တော်တော် သုံးဖြစ်ခဲ့တယ်။ နောက်ပိုင်း ကိုယ့်အလုပ် နဲ့ ကိုယ်ဆိုတော့ Update သိပ်မဖြစ်တော့ဘူး။ အမြဲ လိုလို online ပေါ် မှာရှိပေမဲ့ email ကိုပဲအဓိက သုံးဖြစ်တယ်။ social media သုံးတဲ့အတွက် သူနဲ့ အတူတွဲပါလာတဲ့ Google calendar လိုမျိုး အရာတွေကိုတော့ ပိုသုံးဖြစ်လာတယ်။

ကျွန်မတို့ Industry က လုပ်ငန်းသဘောအရကို meeting တွေ သိပ်များတယ်။ လူတွေ အများကြီးကို colleborate လုပ်ရတယ်။ အဲဒါအတွက် Google calendar သုံးတာ က သိပ်အကျိုးရှိတယ်။ chatting တော့ သိပ်မလုပ်ဖြစ်ဘူး။ email ကတော့ Information အတွက်၊ report တွေအတွက်၊ communication အတွက် မဖြစ်မနေ သုံးဖြစ်တယ်။

ပြီးတော့ Wiki လည်းတော်တော်လေး သုံးဖြစ်တယ်။ ကိုယ် သိချင်တာတွေ၊ ရှာချင်တာတွေကို အချိန်တို အတွင်း အလွယ်တကူ ရှာနိုင်တယ်။ ကိုယ်တိုင် ဝင်ရေးတာမျိုး မဟုတ်ပေမဲ့ ကိုယ်သိချင်တာလေးကို Wiki မှာရှာလိုက်ရင်အကြမ်းလေးပဲ သိရဦးတော့၊ တော်တော်ကို အဆင်ပြေပါတယ်။

လူငယ်နဲ့ Social Media အကြောင်းပြောပါဆိုရင် စိတ်မကောင်းတာ တစ်ခု ရှိတယ်။ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလလောက်က မော်လမြိုင် မှာ MCC အနေ နဲ့ လူငယ်တွေ အတွက် ဟောပြောပွဲ တစ်ခု လုပ်ပါတယ်။ အဲဒီမှာ Gmail မရှိတဲ့သူမရှိဘူး။ Facebook မရှိတဲ့သူမရှိဘူး။ လူငယ် အားလုံးလိုလို မှာလည်း ဖုန်းတွေ ရှိကြတယ်။ ဒါပေမဲ့  Wikipedia သုံးကြလား လို့မေးတော့ သူတို့က Wikipedia ဆိုတာကို မသိကြဘူး။ ဒါကြောင့် challenge က ဘာလဲဆိုရင် လူငယ်တွေက social media ရဲ့ impact ကို နားမလည်ကြဘူး။ ဘာတွေရှိလဲဆိုတာလည်း မသိကြဘူး။ သူများတွေ သုံးတဲ့ အတွက် သုံးကြတာကို တွေ့ရတယ်။

လူတွေက သုံး နေပေမဲ့ ဘာတွေက ကိုယ့်အတွက် ထိခိုက်နိုင်တယ်။ ဘယ်လို အကျိုးရှိအောင် သုံးမယ်ဆိုတာ သိပ်မသိကြဘူး။ သိတယ် ဆိုတဲ့လူက အင်မတန် ရာခိုင်နှုန်း နည်းပါတယ်။ တချို့ အမျိုးသမီးတွေ ဆိုရင်လည်း မထင်မှတ်ဘဲ ကိုယ့်ရဲ့ private ဖြစ်တဲ့ ကိစ္စတွေ facebook ပေါ်တက်ပြီး control လုပ်လို့မရဘဲ အကျိုး နည်းရတဲ့ ကိစ္စတွေ ဖြစ်ကြတာလည်း တွေ့ရတယ်။ ဒီလိုဖြစ်တဲ့ အကြောင်းတွေ နဲ့ပတ်သက်ပြီး နည်းပညာကို အပြစ်တင်လို့ မရဘူးလို့ ထင်ပါတယ်။ တစ်ခါတလေမှာ ကိုယ်နဲ့ ခင်မင်တဲ့ သူတွေကပဲ ပြန်ပြီး ကိုယ့်ကို ချောက်ချသလို ဖြစ်စေတာ မျိုးရှိတယ်။ အကောင်းဘက် မရောက်ဘဲ ကိုယ်ကပဲ ပြန်ပြီး victim ဖြစ်သွားတာ မျိုးတွေ ရှိ တယ်။

DNCW - မချောပြောတာ မှန်ပါတယ်။ သိပ် လူကြိုက်များရင် အသုံးချ ခံရတဲ့သဘောပါ။ တစ်ခါတလေမှာ အပျော်ကနေ အပျက် သဘော ရောက်သွားတာမျိုးတွေ အများကြီး တွေ့ရပါတယ်။ နိုင်ငံရေးမှာ ဆိုရင်လည်း facebook က လူကြိုက် သိပ်များ တော့ ဒါကို အသုံးချပြီး နိုင်ငံရေး လုပ်တာမျိုးပေါ့။ ကျွန်မ gmail သုံးတယ်၊  facebook သုံးတယ်၊ LinkedIn သုံးတယ်။ တချို့က facebook သုံးတယ်ဆိုတာ ကိုယ့် expression ကို အမြဲတင် ရမယ်လို့ ထင်ကြတယ်။ share တာ၊ like လုပ်တာ ဆိုရင်တောင် facebook တကယ် သုံးတာ မဟုတ်ဘူး၊ facebook ပေါ်မှာရှိနေတာ မဟုတ်ဘူး ရယ်လို့ ထင်ကြတာပေါ့။

မြန်မာတွေ ဘာကြောင့် ဒီလောက်တောင် facebook သုံးကြသလဲ၊ သုံးတဲ့အခါ မှာလည်း သူတို့ရဲ့ personal တွေကို ဘာလို့ ဒီလောက်တောင် တင်ကြသလဲ ဆိုတာ နိုင်ငံခြား သားတွေတောင် အံ့သြကြတယ်။ အခု ကျွန်မတို့ ဆီမှာ ဆိုရင်လည်း celebrity တွေက facebook မှာ အနှောင့်အယှက် အရမ်း ခံရတဲ့ အတွက် ကိုယ်နဲ့ သင့်တော်မယ့် တခြား Social Media တစ်ခုခုကို ပြောင်းသုံးဖို့ drive လုပ်နေပြီ။

DPPT – ကျွန်မ သမီးကိုတော့ အန္တရာယ် မဖြစ်စေတဲ့ အတွေ့အကြုံမျိုး ဆိုရင် လုပ်ကြည့်စေချင်တယ်။ သိပ်ကြပ် လွန်းရင်လည်း သူတို့ အတွက် အသစ်တွေ ဖြစ်ပြီး အဆင်မပြေ ဖြစ်တတ်တယ်လေ။ သူတို့ အမြင်တွေ၊ ထင်တာတွေကို မရိုင်းဘဲ၊ မကြောက်ဘဲ ပြောရဲဖို့ လေ့ကျင့်ပေးတယ်။ ဒါကို ကျွန်မ မိဘတွေ ကျတော့လည်း ကလေး ကို အလိုလိုက်တယ်လို့ ထင်တယ်။ အမှန်တော့ အဲဒီလို မဟုတ်ပါဘူး။ ကိုယ့်ကို မကြောက်ဘဲ ပြောရဲမှ သူတို့ကို သင်ပေးလို့ ရမှာပါ။

social media အသုံးနဲ့ ပတ်သက်ရင် အရင်တုန်းကတော့ သမီးကြီးကို ဆယ်တန်းအောင်ပြီးမှပဲ ကိုယ်ပိုင် ဖုန်းတစ်လုံး ပေးကိုင်မယ်လို့ လုပ်ထားပေမဲ့ အခုကတော့ အရင်လို သိပ်လည်း မရှားပါးတော့တဲ့ အတွက် ကိုးတန်းမှာ ဖုန်းပေးကိုင်လိုက်တယ်။ facebook ၊ အင်တာနက် ဆိုတာတွေက ဖုန်းကနေ လည်း သုံးလို့ ရတော့ ကျွန်မ အမြင်တော့ ဒါတွေ သုံးတာက အချိန်ကုန်ပါတယ်။ တကယ်တော့ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်း ဆိုတဲ့အရွယ်ဟာ ဖုန်း သုံးရလောက်အောင် မလိုပါဘူး။

DCKK - ကျွန်မ ကတော့ Administration အရေးကြီးတယ် လို့ မြင်ပါတယ်။ Comment တစ်ခုခု တက်လာတဲ့ အခါ ဘယ်လို ရှောင်မလဲ ဆိုတာ အပြင် တွေ့ရာ လူ ကို friend မလုပ်ဖို့လည်း သတိထားရမယ်။ ကျွန်မ အနေ နဲ့ ဆိုရင် facebook ပေါ်မှာ comment ပေးတာ တော်တော် ရှားတယ်။ ဓာတ်ပုံတွေ ဆိုရင်လည်း ဘယ်တော့ မှ အလွယ်တကူ မတင်ဘူး။ ငယ်တုန်းကတော့ ကိုယ့်ပုံလေးတွေ တင်လိုက်ရရင် ပျော်တယ်။ social media ကလည်း စပ်စုတတ်တဲ့ လူ့သဘော သဘာဝ ကို အခြေခံပြီး လုပ်ထားတာ ဆိုတော့ မြန်မာလူမျိုးတွေရဲ့ စရိုက်နဲ့ သွားကိုက်ညီမှု ရှိတယ်လို့ ပြောရမှာပဲ။

DMPT- ဟုတ်တယ်။ ကျွန်မလည်း အမျိုးသား နဲ့ ပြောဖြစ်တယ်။ မြန်မာတွေက သူများ အကြောင်း စိတ်ဝင်စားတယ်၊ စပ်စုတယ်၊ ပြောချင်တယ် ဆိုတော့ facebook  က အဲဒီ facility တွေရှိနေတယ်။ ဒါကြောင့် ဒီမှာ အောင်မြင်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက principle တွေမရှိသေးဘူး။ တကယ်တော့ကိုယ့် security ပိုင်း အတွက် စဉ်းစား သင့်တယ်။ တချို့ဆိုရင် ကိုယ်ရောက်နေတဲ့ နေရာ၊ ရှိနေတဲ့ နေရာတွေကို တခြားသူတွေဆီ အသိပေးတာ မျိုးတွေက ကိုယ့်အတွက် မလုံခြုံဘူး ဆိုတာ မသိကြ ဘူး။

IMG_0945DNCW – တကယ်တော့ ကျွန်မတို့လို social media ကို သုံးတဲ့သူတွေ ကလည်း rules & regulation တွေကို သေချာ မဖတ်လို့ပါ။ Google မှာလည်း ဒါတွေ အများကြီး ရှိပါတယ်။ ကိုယ်က ဒါတွေကို သေချာ မဖတ်လိုက်တော့ Google+ ဆို facebook နဲ့ သွားဆက် နေတာမျိုးတွေရှိတယ်။

DCKK - connected world ဆိုတာတောင် entertain လို ဖြစ်သွားကြပါပဲ။ social media တစ်ခုခု ထဲကို ဝင်သွား မိရင် ဘယ်လောက် ထိ connected ဖြစ်သွားလဲ ဆိုတာ မသိတော့ဘူး။ မြန်မာနိုင်ငံရဲ့ လိုအပ်ချက် ကိုကြည့်ရင် ကျွန်မ တို့က mail server တွေ မသုံးဘူး။ အဲဒါကြောင့် မြန်လည်းမြန်၊ ဆက်သွယ် ရတာလည်း အစစ အရာရာ အဆင်ပြေတဲ့  အရာကြီး က Google ဖြစ်နေတယ်။ ဒါကြောင့် gmail ပေါ်ကို တစ်နိုင်ငံလုံး ရောက်နေတယ်။ ဒီလောက် ကြီး တဲ့ အလ ကား ပေးနေတဲ့ gmail၊ email ရဲ့ အနောက်မှာ Business model ရှိပြီးသားပဲ။ ကျွန်မတို့က မသိလိုက်၊ မသိဘာသာ နဲ့ တစ်နိုင်ငံလုံး ဝင်သွားကြတယ်။

နောက်ပြီး social media ရဲ့သဘော က တစ်ခုကို သုံးလို့ရရင် နောက်တစ်ခု ကို သုံးဖို့ဆို တာ သိပ်လွယ်သွားတယ်။ စမ်းသုံးကြည့်ရင်း နဲ့ အဆင်ပြေရင် တစ်မျိုးတည်း မဟုတ်ဘဲ သုံးလာကြတယ်။ မြန်မာလို ရိုက်နိုင်၊ ရေးနိုင်တာ ကလည်း အားသာချက် အနေနဲ့ ရှိနေတယ်။ ဒီတော့ language barrier လည်း မရှိတော့ဘူး။ အကျိုးဆက် က Wikipedia ကို မသုံးတော့ဘူး။ တချို့ ဆို ရှိမှန်းတောင် မသိကြဘူး။ facebook ပေါ်မှာ ဓာတ်ပုံတွေ အလကား ရနေတယ် ဆိုတာရယ်၊ ဘယ် အချိန်မှာ upload လုပ်လိုက်တယ် ဆိုတာရယ် အပြင် Like လုပ်လို့ ရတာကြောင့် အဲဒါကိုပဲ ပိုသုံးကြတော့တယ်။ Like လုပ်လိုက်ရင် friend ဖြစ်သွားတော့ ကိုယ်က ဒီအဝန်း အဝိုင်း ကြီးထဲ ၊  web ရောက်မှန်း မသိ ရောက်သွားပြီး ရုန်းထွက်ရ ခက်သွားတယ်။ နောက်ဆက်တွဲတွေ ရှိလာတယ်။

တီထွင်သူတွေ အတွက်ကတော့ ဒါက သူတို့ရဲ့business ဖြစ်ပြီး ကျွန်မတို့ ကတော့ content တွေပေါ့။ သုံးတဲ့သူတွေ များမှ ကြော်ငြာ အားကောင်းလာမယ်။ ဒါမှ သူတို့ လုပ်ငန်းတွေ ဝင်ငွေတိုးမယ်။ ဒါပေမဲ့ သုံးနေတဲ့ သူတွေ ကတော့ ကိုယ့် ကိုယ်ကိုယ် အဖြည့်ခံ ဖြစ်လို့ ဖြစ်နေမှန်း မသိဘူးလေ။

ICT ကဏ္ဍ ကနေပြောရရင် ကိုယ်က သုံးကောင်းလို့ သုံးနေရင်းနဲ့ data protection law အရဆိုရင်တော့ ကျွန်မတို့တွေက protected မဖြစ်ဘူး။ effective use အနေ နဲ့ ဆိုရင်တော့connect လုပ်ရတာ အရမ်းကောင်းပြီး တစ်ဖက်မှာတော့ ကျွန်မတို့က ပေးဆပ် ထားရတယ်လို့ ပြောလို့ရတယ်။

social media နဲ့ ပတ်သက်ရင် လူငယ်တွေမှ မဟုတ်ဘဲ စီးပွားရေး လုပ်ငန်းရှင်တွေ သတိထားရမှာလည်း တစ်ပုံကြီးပါပဲ။ ကျွန်မတို့ဆီမှာက gmail က free  ရနေတော့ အလွယ်တကူ သုံးကြတယ်။ လုပ်ငန်းဆိုင်ရာ data တွေကအစ မခြွင်းမချန် ပို့ကြတယ်။ Google မှာက server တွေက လယ်ကွင်းပြင် သုံးကွင်း စာလောက် အကြီးကြီးတွေ ထိုင်ထားတာ။ ကိုယ်ပို့လိုက်တဲ့ စာ၊ ကိုယ်တင်လိုက်တဲ့ ဓာတ်ပုံ မှန်သမျှ အဲဒီ server တွေထဲ store လုပ်ထားတာ ဆိုတော့ အန္တရာယ် သိပ်များတယ်။ အဲဒီ အတွက် တစ်ချိန် ပြဿနာ အကြီးကြီးတွေ တက်လာနိုင်တယ်။ စဉ်းစားကြည့်ရင် ကြောက်စရာတော်တော်ကောင်းတယ်။

DMPT – အဓိကကတော့ မြန်မာတွေ အများစုက အသုံးပြုရတဲ့ ရည်ရွယ်ချက်ကို သေချာ မသိဘဲ သူများသုံးလို့ လိုက်သုံး တာမျိုး ဖြစ်နေတယ်။ facebook မှာလည်း rules & regulationတွေ ရှိတာပဲ။ ဒါပေမဲ့ ဒါကို သိအောင် မလေ့လာကြဘဲ personal အနေနဲ့ သုံးကြတာပဲ များနေတယ်။

ကျွန်မတို့ မိသားစု ရဲ့လုပ်ငန်းက ကွန်ပျူတာ နဲ့ နည်းပညာ နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းဖြစ်နေတော့ မိဘတွေ ကိုယ်တိုင်က အင်တာနက် နဲ့ အမြဲ In touch ဖြစ်နေ တာ ကြောင့် ကလေးတွေ အတွက် အင်တာနက် သုံးတာဟာ စိမ်းမနေခဲ့ပါဘူး။ ကျွန်မ သမီး ကိုယ်တိုင်လည်း facebook သုံးနေတဲ့ အတွက် ကျွန်မ လည်း နေ့တိုင်း facebook ကို သုံးတယ်၊ ပတ်သက် ရတယ်။

DCCK - မနှစ်က ကျွန်မ သမီး ၁၂ နှစ်ပြည့် မွေးနေ့မှာ သူ့ကို မွေးနေ့ လက်ဆောင် အဖြစ် facebook account ပေး ဖို့ တောင်းတယ်။ ၁၃ နှစ်ပြည့်မှ ဖွင့်ခွင့်ပေးမယ် ဆိုတော့ သူက ကျွန်မကို fair မဖြစ်ဘူး လို့ပြောတယ်။ ဒါနဲ့ ကျွန်မက သူ့ကို ဒါက ကျွန်မကန့်သတ်တာ မဟုတ်ဘူး။ facebook က ကန့်သတ်တာလို့ ပြောပြရတယ်။

နောက်ပြီး google ကEric Schmidt လာတော့ လူငယ်တွေအတွက် Google ရဲ့ Search ကိုဝင်ပြီး safe searchကို သွားပါလို့ ပြောတယ်။ မိဘတွေအနေနဲ့ အသက်
၁၃ နှစ်အောက် သားသမီးတွေကို consult လုပ်ပါလို့ သူကိုယ်တိုင် ပြောခဲ့တယ်။ ပြီးတော့ သူ့မှာ ၁၃ နှစ်အောက် ကလေး ရှိမယ်ဆိုရင် ဒီအချိန်မှာ သိပ်ကို ကြောက်နေ မှာပါ လို့လည်း ပြောခဲ့တယ်။ ဒါဟာ ဘာလဲဆိုရင် social media ရဲ့ကျယ်ပြန့်မှုကို သူကိုယ်တိုင်က စိတ်ပူစရာ ကိစ္စ အဖြစ် လက်ခံတဲ့ သဘောပါ။

LST- သူပြောသွားတဲ့ အထဲမှာ အသက် ၁၅ နှစ်အောက် ကလေးရဲ့ မိဘတွေဟာ ကိုယ့်သားသမီး Gmail ပဲသုံးသုံး၊ Facebook ပဲသုံးသုံး၊ Password  တွေ သိထားရမယ် ဆိုတာ ပါခဲ့တယ်။ဒါကြောင့်ပဲ ဒီစကားဝိုင်းလေး စီစဉ်ဖြစ်တာပါ။

DNCW – ကလေးတွေ ကတော့ သူတို့ password ကို မပေးချင်ကြဘူး။ ကျွန်မသမီး ကတော့ အခု အသက် ၁၉ နှစ်ရှိပြီ ဆိုတော့ ဆယ်ကျော်သက်ပေမဲ့ နည်းနည်း ကြီးသွားပြီလို့ ပြောနိုင်တယ်။ အရင်တုန်းကတော့ facebook က ဒီလောက်ကြီး မတွင်ကျယ်သေးဘဲ Gmail တို့၊ Gtalk တို့ အသုံး များတယ်။ သူ ၁၃ နှစ်၊ ၁၄ နှစ် လောက် တုန်းကတော့ သုံးသွားတာကို ပြန်စစ်နိုင်တဲ့ control panel ရှိတယ်။ နောက်တစ်ခုကတော့ ပြန်ပြီး check လို့ရတဲ့ family keylogger လေး တပ်ထား လိုက်တယ်။ မသိမသာ စစ်ပြီးသွားရင် မသိချင်ယောင်ဆောင် နေလိုက်ရတာ ရှိတယ်။ ဒါပေမဲ့ အခုခေတ် ကလေးတွေက ကိုယ့်ထက် ပိုသိ ကြတာ များပါ တယ်။ ဥပမာ စာလုံးတွေကို တခြား ဘာသာ စာလုံးတွေနဲ့ သုံးသွားကြတာ မျိုးပေါ့။ ဒါပေမဲ့ ဒီနည်းက အခုလို Laptop လို၊ ဖုန်းလို ပေါပေါ များများ မပေါ်သေး ဘဲ မိသားစု ဝိုင်းသုံးရတဲ့ ကွန်ပျူတာ ရှေ့မှာ သုံးနေရတဲ့ အရင်တုန်းကလိုမျိုး ဆိုရင်တော့ အဆင် ပြေတယ်။ အခုတော့ မရတော့ဘူး။

DMPT – ကျွန်မ သမီးကတော့ မချောပြောသလို ခွင့်တောင် မတောင်းပါဘူး။ သူ့ဟာသူ account ဖွင့်ပြီး သူသုံးနေပြီ ဆိုတာ ကျွန်မကို အသိပေးတယ်။ တကူးတက ဘယ်အရွယ် မှ အင်တာနက်ပေး သုံးမယ် ဆိုတဲ့ ရည်ရွယ်ချက်တော့ မရှိပေမဲ့ သူတို့သုံးနေတဲ့ Device တွေမှာတော့ Internet Spectatorsoft နဲ့ PC Monitoring Software ထည့်ထားပြီးတော့ Monitor လုပ်နေပါတယ်။

facebook သုံးနေပြီလို့ သိသိချင်း စိတ်ပူသွားတာက သူ့ကို dos and don’ts တော့ သိအောင် ပြောထားဖို့ လိုပြီ ဆိုတာပါပဲ။ ကျွန်မတို့က သူတို့ကို အမြဲ ကိုယ့်မျက် စိရှေ့ မှာပဲ မထားနိုင်တဲ့အခါ သူတို့အတွက် Guideline လေးရှိပြီး သူတို့ ကိုယ်တိုင် ဆောင်သင့်၊ ရှောင်သင့်တာလေးတွေ သိထားမှ အဆင်ပြေမှာပါ။ သူတို့ အသက်နဲ့ ကိုက်ညီမယ့်၊ facebook သုံးရာမှာ လိုက်နာရမယ့် အချက် ကလေးတွေကို အင်တာနက် ကနေပဲ ရှာပြီး နားလည်အောင် ပြောပြရပါတယ်။

ကိုယ့်သားသမီး ကွန်ပျူတာ သုံးနေရင် ဘာသုံးနေတာလဲ ဆိုတာ မိခင်က မသိလို့ မရပါဘူး။ facebook သုံးရာမှာ အမေ လိုက်သုံးလို့ ကလေးက လိုက်သုံးတယ်။ သုံးရတဲ့ ရည်ရွယ်ချက်ကို မိခင် ကိုယ်တိုင်က မကွဲပြားဘဲ လွဲမှားနေရင် ကလေးကလည်း မိခင်သုံးလို့ လိုက်သုံးပြီး ရည်ရွယ်ချက် လွဲနေဦးမှာပဲ။

DCKK – မှန်ပါတယ်။ မိခင်က facebook သုံးတဲ့အခါ active ဖြစ်ချင်လို့ သုံးနေတာတွေ့ရင် ကလေးကရတဲ့ message လည်းလွဲနေမှာပဲ။ နယ်တွေမှာ ဆိုရင် ပိုဆိုး တယ်။ ဖုန်းဝယ်ပေး လိုက်တယ်။ ကလေးက အင်တာနက်ကို ဖုန်းနဲ့ သုံးတယ် ၊ဆိုင်မှာသုံးတယ်။ ဒါကို မိဘတွေက နည်းပညာကို အကျိုးရှိရှိ သုံးနေတယ် ထင်နေတယ်။ အဲဒါတွေ ကနေစပြီး မဖြစ်သင့်တာတွေ ဖြစ်နေတာဖြစ်တယ်။ ကျွန်မသားနဲ့ သမီးကို ဖုန်းမှာ password မထည့်ရဘူးလို့ ပြောထားတယ်။ သူတို့ ကလည်း ကျွန်မကို သူတို့ရဲ့ message တွေမဖတ်ရဘူးလို့ ပြောတယ်။ ဒါပေမဲ့ over use ဖြစ်လာရင်တော့ တစေ့တစောင်း ကြည့်ရတယ်။ ကျွန်မတို့ ကိုယ်တိုင်လည်း teenager တွေရဲ့ မိခင်တွေ၊ ပြီးတော့ ကိုယ်တိုင်ကလည်း ဒီ Gadget တွေသုံးပြီး အလုပ် လုပ်နေရတာ ဆိုတော့ သားသမီးတွေက ဒီ ပတ်ဝန်းကျင် ထဲမှာ ရှိနေတယ်။ အမှန်အတိုင်းပြော ရရင် သမီးရဲ့ အခု အသက် ၁၃ နှစ်ကနေ ၁၉ နှစ်ထိ ဘယ်လို ကျော်ဖြတ် ရမယ် ဆိုတာ မတွေးရဲဘူး။

Daw-May-Phyu-ThweDMPT – သားကတော့ ငါးနှစ်ပဲ ရှိသေးလို့ game နဲ့ google image လောက်ပဲ စိတ်ဝင်စား ပါသေးတယ်။ သမီး ကတော့ ၁၁နှစ် ဆိုတော့ social media တွေ ဖြစ်တဲ့ facebook ၊ Twitter ၊Beebo၊ Myspace တို့နဲ့ အကျွမ်းတဝင် ဖြစ်နေပါပြီ။ အဲဒီလိုဆိုတော့ ကိုယ့် guideline နဲ့ သူတို့က internet တွေ၊ social netword တွေ သုံးတာ မဟုတ်ဘဲ သူတို့ရဲ့ ပတ်ဝန်းကျင်၊ သူငယ်ချင်းတွေရဲ့ peer to peer effect တွေကြောင့် သုံးဖြစ်သွားတဲ့ အတွက် အမေဖြစ်တဲ့ ကျွန်မ အနေနဲ့ ကလေးတွေ အတွက် Internet usage guideline တွေ မဖြစ်မနေ လေ့လာ ရပါတော့တယ်။ Age-based guideline တွေဖတ်လေ့လာပြီး သူတို့ လက်ခံမယ့် version နဲ့ အမေက guideလုပ်ပေးရပါတယ်။

DNCW -အခုက ခြောက်တန်း ကလေး အရွယ်လောက် ဆိုရင်ပဲ ကျောင်းတွေမှာ သတင်းစာ ဖတ်ရပြီ။ CNN ကြည့်ရပြီ ဆိုတော့ ကလေးတွေက မဖြစ်မနေ အင်တာနက် သုံးကို သုံးရပြီ လေ။ ကျောင်းအိမ်စာတွေ ကလည်း website တွေကနေ ရှာ လုပ်ရတာ  ရှိနေတော့ ဘယ်နှနာရီပဲ ကြည့် ဆိုတာမျိုးလည်း သွားကန့်သတ် လို့မရဘူး။ ကန့်သတ် တာ မဟုတ်ဘဲ အခြေခံ ကို နားလည်အောင် ပြောပြလို့ပဲ ရမယ်။

DMPT - ဟုတ်တယ်။ နားလည်အောင် ပြောပြလို့ပဲ ရမှာပါ။ သူတို့သုံးတဲ့အခါ ဥပမာ-ကျောင်းစာပြီးမှ ပေးသုံးတာ၊ အချိန် အလကား မကုန်စေဖို့၊ online က မသိတဲ့ လူတွေနဲ့ personal information တွေ မပေးမိစေဖို့၊ အဓိကကတော့ သူငယ်ချင်း အချင်းချင်း password တွေပေးပြီး မလိုလားအပ်တဲ့ ကိစ္စတွေ မဖြစ်ဖို့ ဆိုတာတွေ အပြင် password ဆိုတာ အရေးကြီးတဲ့ အကြောင်း ပြောပြရတယ်။ online နဲ့ social network တွေပေါ်က သူတို့ အဆင် မပြေတာ၊ သိချင် တာတွေကို မိဘကို အသိပေးပြီး အကူအညီတောင်း တာ၊ ဝိုင်းပြီးဖြေရှင်းပေးတာ မျိုးတွေနဲ့ Intouch ဖြစ်နေအောင် လုပ်ရပါတယ်။ privacy နဲ့ information sharing လုပ်တာကို နားလည်အောင် မသိမသာလေး guide လုပ်ရပါတယ်။ ဒီခေတ် ကလေးတွေ က အတင်းအကျပ် rules & regulation တွေ ချပြီး တင်းကျပ်လို့ မရပါဘူး။ ဘာကြောင့်ဆိုတဲ့ အကျိုး အကြောင်းကို ဆီလျော်အောင် နားလည်အောင် guide လုပ်ပေးဖို့ လိုပါတယ်။ ကလေးတွေက ကိုယ့်မျက်စိအောက် မှာ ရှိမှ rules & regulation တွေ လိုက်နာဖို့ မဟုတ်ဘဲ မိဘရဲ့မျက်စိ ကွယ်ရာမှာလည်း မဟုတ်တာ မလုပ်မိစေဖို့က ကလေးတွေ ကိုယ်တိုင် သဘောပေါက် မှ ဖြစ် မှာပါ။

DCKK – ကျွန်မကတော့ အချိန် နဲ့ ကန့်သတ်တာမျိုး မဟုတ်ဘဲ ပိုက်ဆံ နဲ့ကန့်သတ်ပါတယ်။ တစ်ပတ်မှာ ဘယ်လောက် ဖိုးပဲ သုံးရမယ် ဆိုတာမျိုး လုပ်ထားပါတယ်။ တစ်ခု ရှိတာ ကတော့ လူငယ် ရဲ့ သဘောက ချုပ်ချယ် လွန်းရင် စမ်းကြည့်ချင်တယ်၊ လုပ်ချင်တယ်။ ဖွင့်ပေးထားရင် မလုပ်တော့ဘူး။ ဒါကြောင့် Open လုပ်ထားပြီး Traditional ဘက်ကနေပဲ လက်ခံအောင် နားလည်အောင်ပြောရမယ်လို့ ထင်ပါတယ်။

နောက်ထပ် နည်းတစ်ခု ကတော့ ကျွန်မ တို့က အလုပ်လုပ် ရတဲ့ မိခင်တွေ ဖြစ်လို့ သားသမီးတွေ အတွက် အချိန်ပေးနိုင်တာ နည်းတယ်။ ဒါပေမဲ့ သူတို့ စာမေးပွဲ လို ရက်တွေ ဆိုရင်တော့ မဖြစ်ဖြစ်အောင် အချိန်ပေးတယ်။ အတူနေပေးတယ်။ အင်တာနက် သုံးတဲ့အခါ၊ Google မှာ တစ်ခုခု ရှာတဲ့အခါ ဘယ်လို ရှာရတယ် ဆိုတာ သူတို့ နဲ့အတူ ရှာတယ်၊ လုပ်ပေးတယ်၊ ဒါမှ သူတို့နဲ့ ကိုယ်က နီးကပ်လာပြီး Team သဘောဖြစ်လာတယ်။ social media စသုံးချိန်မှာ ကျောင်းစာ လို ကောင်း တဲ့ဘက် ကနေ စသုံးပြီး တောက်လျှောက် မှာလည်း အခွင့်သင့်ရင် သင့်သလို ကောင်းတဲ့ လမ်းကြောင်းဘက်ကို ကိုယ်ကလည်း တင်ပေးနိုင်တယ် ဆိုရင် သူတို့ကိုယ် သူတို့ ထိန်းနိုင်သွားမှာပါ။

DNCW -နောက်တစ်ခု ကလည်း facebook ပေါ်မှာတွေ့ရတဲ့ သူတို့ နဲ့ ရွယ်တူတွေရဲ့ အဆိုး ဘက်ရောက်တဲ့ ဖြစ်ရပ်ကလေးတွေကို နမူနာထား ပြောပြရတယ်။ ဒီလို လုပ်လိုက်လို့ ဒီလို ဖြစ်သွားတယ်ပေါ့။ အဲဒါဆို သူတို့လည်း လက်ခံလာတယ်။ ကာတွန်းကားတွေ ဆိုရင်လည်း ဘယ်လို ကာတွန်းမျိုးလဲ ဆိုတာ ကိုယ်က သတိထား ကြည့်ဖို့တော့ လိုတယ်။ အဲဒီ ကာတွန်းကားထဲ က ဇာတ်ရုပ်တွေ အတိုင်း ကလေးတွေရဲ့ character တွေက ပြောင်းလဲတတ်သလို ကလေးကြည့်လို့ သိပ်မသင့်တော် တဲ့ ကာတွန်းတွေ လည်း ရှိတော့ မိဘတွေက သိထားဖို့ လိုပါတယ်။

အဓိကကတော့ မိဘကို သူငယ်ချင်းလို ဖြစ်အောင်၊ မြင်အောင် တော်တော် ကြိုးစားရတာပါပဲ။ ကလေးတွေက သူတို့ရဲ့privacy ကို ထိပါးရင် လုံးဝ မကြိုက်ဘူး။ သူတို့ ကို လေးစားတတ်အောင် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ရ တယ်။ အဲဒီလို မိခင် ကိုယ်တိုင်က သူတို့ရဲ့ ယုံကြည်ရတဲ့ သူငယ်ချင်း အဖြစ် လက်ခံမှ ကိုယ့်ကို သူတို့ ကိစ္စတွေ တိုင်ပင် ပြောပြ တာပါ။

DMPT – အဓိက ကတော့ ကျွန်မတို့ ကိုယ်တိုင် ကလည်း ကိုယ့် traditional ကို မပျက်ချင်၊ မပျောက်ချင်တဲ့ သူတွေ ဖြစ်တာကြောင့် လည်း ပါပါတယ်။ ကိုယ့် ယဉ်ကျေးမှု၊ ဘာသာတရား အဲဒီအရာတွေ အားလုံးကို သားသမီးတွေထိ ပါသွားစေချင်တာကြောင့်ပါ။

DCKK – ကျွန်မသားဆိုရင် You Tube သိပ်သုံးတယ်။ You Tube မှာရှာတယ်၊ ကြည့်တယ်၊ အဲဒီကနေ social media အသုံးဘက်ကို ရောက်လာတယ်။ အင်တာနက် ကနေ ကာတွန်း ပုံတွေ ရှာတယ်။ စသဖြင့်ပေါ့။ အဲဒါကြောင့် အိမ်မှာဆိုရင် တချို့ cartoon channel တွေကို ဆင်ဆာလုပ်ရတယ်။

DNCW -ကျွန်မတို့ဆီမှာ တော်တော်ကို လွတ်လပ်တာပါ။ Billgates တောင်မှ သူ့သမီးကို ၁၅ နှစ်ပြည့်မှ facebook account ဖွင့်ခွင့်ပေးတယ်။ ပြီးရင် တစ်နှစ် တိတိ password ကိုင် ထားတယ်လို့ သိဖူးတယ်။ ဒီလို ဥပမာတွေ ပြစရာတွေ အများကြီးပါ။

DMPT – ကလေး ငယ်သေးချိန် အမှားအမှန်ကို မဆုံးဖြတ်နိုင်သေးခင်မှာ အသက် အရွယ်ကြောင့် သူ့ password ကို အမေက သိနေရမယ်၊ သူသုံးနေတာတွေ နဲ့ Intouch ဖြစ်နေရမယ်၊ ၁၉ နှစ်လောက်မှာ ဆိုရင်တော့ တချို့ လွှတ်ပေးသင့်တဲ့ အပိုင်းတွေလည်း လွှတ်လို့ရပြီ။

တစ်ခု ရှိတာက ကိုယ်က ခိုးသိနေလို့လည်း မရဘူး။ သူတို့ သုံးနေတာကို ကိုယ်လည်း သိနေတယ် ဆိုတာ သူတို့ကို ပွင့်ပွင့် လင်းလင်း ပေး သိထားဖို့ လိုတယ်။ ကျွန်မ ကတော့ ပေးသိထားတယ်။ သူတို့ အသက် အ ရွယ်ကြောင့် ဒီလို သိထားဖို့ လုပ်ရတယ် ဆိုတာကိုလည်း နားလည်အောင် ပြောပြထားပါတယ်။

ပြီးတော့ သူတို့ကို ဘာကြောင့် social media တွေ၊ social network တွေသုံးကြတာလဲ ဆိုတဲ့ အမြင်ကို ပြောပြပေးပါတယ်။ တစ်ယောက် နဲ့တစ်ယောက် မိတ်ဆွေ၊ အပေါင်းအသင်း အချင်းချင်း knowledge share လုပ်တဲ့အတွက် ကိုယ်မသိသေးတာတွေ သိရတယ်။ နောက်ဆုံး ဖြစ်နေတဲ့ သတင်းတွေ ရတယ်။ နောက်ပြီး ကိုယ့်ရဲ့ အပြင်မှာ တကယ်ဖြစ်နေတဲ့ ကိုယ့်ရဲ့ update profile ကို ကိုယ့်ရဲ့ friends တွေကို အသိပေးခွင့် ရတယ်။ ဒါမျိုးတွေ ပြောပြပေးပြီး ကိုယ့်ရဲ့ privacy ထိ ခိုက်လောက်အောင် အလွန်အမင်း social media တွေပေါ်မှာ ချပြတာမျိုးတွေ မဖြစ်အောင်၊ social media ပေါ်မှာ အကျိုး မရှိတာတွေ နဲ့ အချိန် ကုန်တာမျိုး မဖြစ်အောင် ပြောပြပေးပါတယ်။

DCKK – ကျွန်မ အကြောက်ဆုံးက ကြောက်လို့ ကိုယ့်ကို ဘာမှမပြောဘဲ တစ်ခုခု လုပ်သွားမှာကိုပဲ။ အဲဒီလို မဖြစ်ရအောင် အခုကတည်းက relation ကိုပျိုးထောင်နေ ရတာပါ။

DNCW -မြန်မာ လူမျိုးတွေရဲ့ culture က သားသမီးကို အကြောက်တရား ရှိအောင် အတင်း အုပ်ချုပ်တာမျိုး ရှိကြတယ်။ အဲဒီ လိုဆိုတော့ တချို့ကိစ္စတွေမှာ ကိုယ့်ကို မတိုင်ပင်ရဲဘဲ ဖြစ်တတ်တယ်။ သူတို့ မှားသွားတဲ့ အမှားကို အမေကမှ လက်မ ခံရင် ဘယ်သူ လက်ခံမလဲ ဆိုပြီး ကိုယ်နဲ့ ပိုဝေး သွားတတ်တာ မျိုးပေါ့။ သည်းခံ ရတယ်၊ စိတ်ရှည် ရတယ်၊ နားလည်အောင် ပြောပြရတယ်။ သူ့ကိုနားလည်ပေးတဲ့ အတွက် အမေကို ကျေးဇူးတင်ရကောင်း မှန်း သိလာတယ်။ အမေဟာ သူ့ကို နားလည်ပေး တတ် တဲ့ သူ ဆိုတာ လက်ခံပြီး ပြောရဲလာတယ်။ ကျွန်မကတော့ ကလေးတွေကို အိပ်ရာဝင် ပုံပြင် မပြောဘူး။ ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံ ကိုပဲ သူတို့ အရွယ် နားလည်မယ့် စကားနဲ့ ပြောပြတယ်။ အဲဒီမှာ ဒီလိုဖြစ်တတ်ပါလား၊ ဒါဆိုရင် ဘယ်လိုမျိုးလဲ ဆိုတာ စဉ်းစား တတ်လာတယ်။ ဒါကြောင့် တော်ရုံ အမှား ဆိုရင် သူ့ဘာသာ သူ စဉ်းစားတတ်မယ် ဆိုတာ အမေဖြစ်တဲ့ ကိုယ်က ယုံကြည် လာတယ်။

DMPT – အဓိကကတော့ သူတို့လေးတွေရဲ့ mind set မှန်သွားဖို့ တာဝန်ရှိသူက မိဘပဲ။ မိဘ ဆိုတာ ကိုယ့် သားသမီးတွေကို အကောင်းတွေ ချည်းဘဲ ဖြစ်စေချင်၊ တတ်စေချင်၊ ရစေချင်ကြတာ ချည်းပါပဲ။ အဲဒီမှာ မိဘတွေ မေ့သွားတာက ကိုယ် ကိုယ်တိုင်ရော အဲဒီ သားသမီး အရွယ်တုန်း က အခြေ အနေနဲ့ အခုခေတ် အခြေအနေ ကွာခြား သွားတာကို လက်ခံနိုင် ရပါမယ်။ အဓိကကတော့ နည်းပညာ တိုးတက်မှု၊ အသုံးပြုတဲ့ device တွေ၊ social network တွေ ပြောင်းလဲ သွားပါပြီ။ မိဘတွေ ကိုယ်တိုင်က update ဖြစ်ပြီး သိဖို့အတွက် လေ့လာရပါမယ်။

DPPT – ကျွန်မ သတိထား မိတာက သမီးက အင်တာနက် ကို ရှစ်တန်းလောက်မှာ စသုံးတယ်။ သူတို့က အင်တာနက် သုံးပြီး အိမ်စာတွေလည်း လုပ်ရတယ်၊ ဘာသုံးနေ လဲ ဆိုတာကိုလည်း ကိုယ်က သိချင်တော့ ကိုယ့် desktop မှာ လာလုပ် ခိုင်းတယ်။ ဒါပေမဲ့ desktop တစ်ခုမှာ သူရော ကိုယ်ပါ သုံးရတော့ သူသုံးနေရင် ကိုယ်လည်း အလုပ် မပြီးတော့ ဘူး။ ပြီးတော့ သူတို့ ကျောင်းက အိမ်စာတွေ ကိုလည်း အီးမေးလ်နဲ့ ပို့တာမျိုးဆိုတော့ သူသီးသန့် သုံးမှကို အဆင်ပြေမှာ ဆိုတော့ ပေးသုံးရတာပဲ။ သမီးကြီး က လိမ္မာပါတယ်။ သူ့စာ သူပြီးအောင် လုပ်ရမယ် ဆိုတာလည်း သိတယ်။ မိဘ အနေ နဲ့ control သူလုပ်ချင်ပေမဲ့ အချိန်ပြည့် သူတို့ နဲ့ နေနိုင်တာ မဟုတ်တော့ လုပ်ရတာ မလွယ်ဘူး။ ကလေးတွေ အနေ နဲ့လည်း ကိုယ့်အမေနဲ့ ရင်းနှီးမှု မရှိရင် သူတို့ မမြင်စေချင်တာ ဆိုရင် ကိုယ်က သွားစစ်လည်း ပိတ်လိုက်မှာပဲ။ အဲဒီလို ဆိုတော့ ဖြစ်တတ်တဲ့ ကိစ္စလေးတွေ ပြောပြပြီးတော့ပဲ ထိန်းရတာပဲ။

DMPT -social media သုံးတာနဲ့ အဓိက မြင်သာတဲ့ အချက် တစ်ခုက အချိန်ကုန်တာ ပဲ။ ကျောင်းသား ဆို ရင် ကျောင်း စာတွေ၊ အိမ်စာတွေ လုပ်ရမယ်။ ကျွန်မ သမီး ဆိုရင် အိမ်စာပြီးမှ facebook သုံးရမယ်ဆိုတဲ့ စည်းကမ်း ထုတ် ထားတော့ သူ့စာပြီးမှ သုံးတယ်။ အဲဒီလို သုံးတဲ့ အတွက် သူ့ အိပ်ချိန်တွေကို ဖဲ့ပြီးပေးလိုက် ရတယ်။ အိပ်ချိန် နည်းရင် မနက် မထချင်ဖြစ်မယ် စသဖြင့် သူ့ရဲ့တကယ့် ဘဝနဲ့ မြင်သာအောင် point ကို ထောက်ပြရတယ်။ အကျိုး အပြစ်ကို နားလည်အောင် ပြောပြရတယ်။

DPPT- ကျွန်မ လည်း သမီးကို homework ကို ည ၁ဝ နာရီ အထိပဲ လုပ်ရမယ်လို့ ပြောထားတယ်။ အဲဒီတော့ ၁ဝ နာရီ မတိုင်ခင် သူအိမ်စာ မလုပ်ဘဲ အင်တာနက် သုံးနေတယ် ဆိုရင်လည်း သူ့အိမ်စာပဲ မပြီးဖြစ်မှာ ဆိုတော့ သူ့ဟာသူ ချိန်ပေါ့နော်။

Daw-Phyu-Phyu-TinDMPT- ကျွန်မတို့ အနေ နဲ့လည်း သတိထားရမှာ တစ်ခုရှိတယ်။ အဲဒါက ကလေးတွေဟာ မိဘ နဲ့နေချိန်ကို သိပ်တန်ဖိုး ထားတယ် ဆိုတာပါ။ အဖိုး၊ အဖွား၊ အထိန်း ဘယ်လောက် ကောင်းကောင်း မိဘကို ကပ်တယ်။ အဲဒါကို မိဘတွေက နားလည်ပေးဖို့၊ အလိုက်သင့် ရှိဖို့ လိုတယ်။ မိခင်တွေက ဖခင်တွေထက် ပိုပြီး သားသမီးတွေနဲ့ နီးနီး ကပ်ကပ်ရှိတယ်။ အခု နောက်ပိုင်း စီးပွားရေး လုပ်ငန်းတွေကို အမျိုးသမီးတွေလည်း ဦးဆောင် လုပ်လာကြတယ် ဆိုပေမဲ့ မိခင် ဆိုတာ ကတော့ ပြောင်းလဲလို့ မရဘူး။ ဒါကြောင့် အလုပ် လုပ်နေပေမဲ့ ကိုယ့် သားသမီးတွေကိုလည်း အချိန်ပေးတတ်ဖို့ လိုတယ်။ ဒါမှ ကလေးနဲ့ မိခင်က ရင်းနှီးပြီး ကိုယ့်ကို အမေလို၊ သူငယ်ချင်း လို ဖြစ်လာမှာပါ။ အမေက ပါးနပ်ဖို့ လိုတယ်။

DCKK - မှန်ပါတယ်။ မိသားစုနဲ့ ခရီးသွားတာ၊ သူတို့ကို ခရီးတွေ ပို့ပေးတာ၊ သူတို့ နဲ့နေချိန်ထားတာတွေကို သူတို့ သိပ် တန်ဖိုး ထားကြတယ်။ ကိုယ့်ကို ယုံကြည်အောင်၊ ခင်တွယ်အောင် ဒီလိုပဲ တည်ဆောက်ယူ ရပါတယ်။ ဒီလို တည်ဆောက်ထား မှ နည်းပညာ အသုံးပြုမှုတွေ ရှိလာလည်းပဲ မရှုပ်ထွေး သွားဘဲ သူ့အကန့်နဲ့သူ စဉ်းစားတတ် ပြီး မိခင် ပြောပြတာတွေက လည်း သူတို့အပေါ် သက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။ နည်းပညာတို့၊ social media တို့ သုံးတာတွေကို သွားတားလို့ မရပါဘူး။ အဓိက ကတော့ နည်းပညာကို အကျိုးရှိ ရှိအသုံးချပြီး victim မဖြစ်သွားအောင် ထိန်းဖို့ပါပဲ။

လူငယ် အများစုက ဖြစ်ရပ်တိုင်းကို အခုဖြစ်၊ အခု ဓာတ်ပုံရိုက်၊ အခု facebook ပေါ်တင်တာလောက် ကလွဲပြီး အဲဒီ ထက်ပိုပြီး မစဉ်းစားကြဘူး။ ဒီပေါ်မှာ သူဘာ လုပ်လုပ် ဘယ်သူမှ မသိဘူးရယ်လို့ တလွဲ ယုံကြည်နေတာမျိုးလည်း အများကြီး။ အခုဆို နိုင်ငံခြားမှာ ဆိုရင် လူတစ်ယောက်ကို အလုပ်ခန့်တဲ့ အခါ သူ့နောက်ကြောင်း ကို၊ social media ကို အကုန် စုံစမ်းတာမျိုး ရှိတယ်။ ဒါကြောင့် နောက်ပိုင်းမှာ သူသုံးတဲ့ social media ကို clear လုပ်ပေးတဲ့ သီးသန့် ကုမ္ပဏီတွေ ရှိလာတယ်။ လူ တစ်ယောက်ဟာ အလုပ်မဝင်ခင် social media သုံးပြီး ဘယ်လို comment တွေပေး ခဲ့တယ်၊ ဘာတွေရေးခဲ့တယ်၊ ဘာပုံတွေတင်ခဲ့တယ် ဆိုတာကို အကုန် ရှင်းလင်းပေး တဲ့ ကုမ္ပဏီ မျိုးတွေပေါ့။ ဒီလို မရှင်းထားရင် သူ့ကို အလုပ်ခန့်မယ့် ကုမ္ပဏီက စုံစမ်းကြည့်လို့ သူ့ နောက်ကြောင်းတွေ သိသွားရင် သူ့ကို အလုပ်ခန့်ဖို့ မလွယ်တော့ဘူး။

ဒါကို ကြည့်ရင် ကိုယ်လုပ်သမျှ ဘယ်သူမှ မသိဆိုတာမျိုးက ဟုတ်ပါဦးမလား။ အလုပ် တစ်နေရာမှာ ရပ်တည်နိုင်ဖို့ ကိုယ့်နောက်ကြောင်း ရာဇဝင်က ဘယ်လောက် အရေးကြီးတယ် ဆိုတာ ပေါ်လွင်နေတာပဲ။ ဓာတ်ပုံတင်တဲ့ ကိစ္စလေးကို ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ။ သူငယ်ချင်းတွေ နဲ့ပျော်ခဲ့တဲ့ ဓာတ်ပုံကို ကိုယ်က တော့ အထွေ အထူး မစဉ်းစားဘဲ ပျော်တဲ့စိတ်နဲ့ တင်လိုက်တယ်။ share လုပ်လိုက်တယ်။ ဒါပေမဲ့ ဒါက ကိုယ့် personalကို ဖွင့်ပြလိုက်တာပဲ။ ပြီးတော့ တွေ့ရာလူကို add လုပ်ပြီး friend ဖြစ်သွားရင်၊ အဲဒီလူက မကောင်းရင် ကိုယ့်အတွက် မကောင်းသလို ကိုယ်နဲ့ ဆက်စပ်ထားတဲ့ သူတွေ အားလုံးအတွက်လည်း မကောင်းဘူး။ ဒါတွေ စဉ်းစားဖို့ လိုပါတယ်။

DPPT - တချို့က facebook ပေါ်မှာ တစ်ချိန်လုံး ရှိနေတတ်တယ်။ သုံးဖို့ လိုလို့ သုံးဆိုပေမဲ့ အကန့် အသတ်လေး နဲ့ ရှိတာကောင်းတယ် ထင်ပါတယ်။ ပြီးတော့ ကလေးတွေ ကို သုံးခိုင်းပြီးမှ ကောင်းတဲ့အပိုင်း နဲ့ မကောင်းတဲ့ အပိုင်းတွေကို ပြောပြတာ ကောင်းတယ်။

DNCW - ပြီးတော့ ဒါတွေကို သုံးပြီးရင် စွဲတတ်တယ်။ ဖြတ်ရခက်တယ်။ ဆယ်ကျော်သက်တွေ၊ လူငယ်တွေ အတွက်ဆိုရင် ပိုဆိုးပြီပေါ့။ အဓိကက ကိုယ်ပိုင် အသိဥာဏ် နဲ့ ခွဲခြားတတ်ဖို့ ပဲ။

DCKK – နောက်ပိုင်းဆိုရင် Mobile ဖုန်းတွေ လူနှစ်ယောက်နှုန်းမှာ Mobile တစ်ယောက်က ကိုင် လာနိုင်တော့မယ် ဆိုတော့ ကျွန်မတို့ social media  ရဲ့ chellenge တွေကို ရင်ဆိုင်ရမှာပဲ။ opportunies ဖြစ်သလို problem လည်း ဖြစ်ပါတယ်။ ကောလဟလတွေ၊ စပ်စုတာတွေ အပြင် social mediaကြောင့်ဖြစ် သွားတဲ့ ဆိုးကျိုးတွေကို ကြည့်တတ်တဲ့ အကျင့်ကို လေ့ကျင့်ပေးရမယ်။ ၂ဝ၁၅ မှာ နိုင်ငံရဲ့လူတစ်ဝက်နီးပါး ဖုန်းကိုင်နိုင်တော့မယ် ဆိုရင် ပြောခဲ့တဲ့ social media နဲ့
ပတ်သက်တဲ့ စိန်ခေါ်မှုတွေက မလွဲမရှောင်သာ ရှိမှာပဲ။ ဒါကို အသိပညာပေးဖို့ နဲ့ ဒီကလူတွေ အဆင်သင့်ဖြစ်ဖို့ နှစ်နှစ် ဆိုတာ လုံလောက်တဲ့အချိန် မဟုတ်ဘူး လို့ မြင် ပါတယ်။

ကျွန်မတို့လို ITနယ်ပယ်ထဲက၊ ITသုံးနေရတဲ့ နယ်ပယ်တွေထဲက ဒီလို အလုပ်တွေလုပ်နေတဲ့ အမျိုးသမီးတွေ၊ မိခင်တွေ အတွက်တောင် သားသမီးကို ကိုင်တွယ် ထိန်းသိမ်းရတာ big challenge ဖြစ်နေရင် မြန်မာနိုင်ငံက မိခင် အများစု အတွက်တော့ အဖြေမရှာ တတ်ပါဘူး။

ကျွန်မတို့ သားသမီးတွေကို နည်းမျိုးစုံ နဲ့ ပြောပြ train လုပ်နိုင်ပေမဲ့ ကိုယ့်သားသမီး မဟုတ်တဲ့ လူငယ်တွေ အတွက်တော့ ဘယ်လိုထိန်းမလဲ။ လူငယ်တွေ ကိုယ်တိုင် အသိ ရှိမှ၊ သူတို့ မိခင်တွေ ကိုယ်တိုင်က အသိရှိမှ ဖြစ်မှာပါ။

DMPT - ကျွန်မတို့ အနေနဲ့လည်း ရှေ့က ဆွေးနွေး သွားတဲ့အပိုင်းတွေမှာ မိဘတွေက၊ မိခင်တွေက အရေးကြီးတယ် ဆိုတာ ပါတော့ ကျွန်မရဲ့ personal အမြင် အရ မိဘတွေ ဘက်က သုံးမျိုးလောက် ဖြစ်နေတာ တွေ့ရတယ်။ ပထမ တစ်မျိုးက မိဘက နည်းပညာတွေနဲ့ အလှမ်းဝေးနေပြီး သားသမီး လုပ်သမျှ၊ သုံးသမျှ၊ online သုံးတတ်ရင် ခေတ်မီနေတယ် ထင်ပြီး သားသမီးကို အကုန်လုံး ဖွင့်ပေးတဲ့ မိဘမျိုးပါ။ အဲဒီ သားသမီးတွေ က online ပေါ်မှာ၊ social network တွေပေါ်မှာ စည်းကမ်း မရှိတဲ့ အမှားတွေ လုပ်မိတတ်ပါတယ်။ ဒုတိယ တစ်မျိုးက အဲဒီလို အမှားတွေဖြစ်မှာစိုးလို့ သားသမီးကို အတင်းအကျပ် ဖိနှိပ် ချုပ်ချယ်တာမျိုးပါ။ အဲဒီလို ဆိုရင်လည်း ဒီ နည်းပညာခေတ်ကြီး ထဲမှာ မိဘ မသိအောင်လုပ်နိုင်တဲ့ နည်းတွေ အများကြီးရှိတဲ့ အတွက် ကလေးတွေက မိဘတွေ ကွယ်ရာ မှာ ပိုပြီးတောင် မှားတတ်ပါတယ်။
နောက်ဆုံး တစ်မျိုးကတော့ သားသမီးတွေ နဲ့အတူ နည်းပညာ ရေစီးထဲမှာ မျောပါပြီး၊ ကိုယ်တိုင်လည်း လေ့လာပြီး ကလေးတွေရဲ့ အသိုင်းအဝိုင်း ကြားမှာ ဝင်ဆံ့ရင်း ကိုယ့် ကလေးတွေကို မျက်ခြေမပြတ် guide လုပ်ပေးတဲ့ မိဘတွေ ဖြစ်ပါတယ်။ အဲဒီလို မိဘမျိုးတွေ လည်း ဒီခေတ်မှာ တော်တော် များလာပါပြီ။ ကောင်းတဲ့ လက္ခဏာတွေ ပါ။ အဓိက ကတော့ မိဘတွေ ကိုယ်တိုင် ခေတ်နဲ့ လိုက်လျောညီထွေ ရှိပြီး ကလေးတွေကို guide လုပ်ပေးဖို့ လိုတယ်လို့ အကြံ ပြုချင်ပါတယ်။

DPPT - အခုတလောတော့ ကျွန်မ သတိထားမိတဲ့ ကိစ္စတစ်ခုက အလုပ်ခွင်ထိအောင် လူငယ်တွေ ဖုန်းတွေ သုံးလာတာ၊ အလုပ်ချိန်မှာ social media သုံးလာတာပါပဲ။ ဖုန်းတွေ လွယ်လွယ်ကူကူ သုံးနိုင်လာ ကြတာရဲ့အကျိုးဆက်ကြောင့် လူငယ်တွေက အလုပ်နဲ့ ကိုယ်ပိုင် အချိန်မခွဲတော့ဘဲ အလုပ်ချိန် အတွင်း ဒီလိုမျိုးတွေ ရှိလာတယ်။ မတတ်သာတဲ့အဆုံး ဖုန်းနဲ့ပတ်သက်တဲ့ စည်းကမ်းတွေ ထုတ်ရတယ်။

DNCW - နောက်ထပ်ကြောက်စရာ တစ်ခု ရှိပါတယ်။ ပရင့်မီဒီယာ မှာက ကျင့်ဝတ် ရှိသေးတယ်။ ပြည်သူ မဖတ်သင့်တဲ့ စာအုပ် စာပေတွေကို တားဆီးမှု ရှိတယ်။ ဒါပေမဲ့ ဖုန်းတွေ ပေါလာတဲ့ အတွက် ဖုန်းကနေ ချိတ်ထားတဲ့ အင်တာနက် လိုင်းတွေကနေ တစ်ဆင့်၊ social media တွေကနေ တစ်ဆင့် ဝင်လာတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ sex ကိစ္စ ဆွဲဆောင်မှုလို အန္တရာယ် ဖြစ်စေမယ့် ကိစ္စမျိုးတွေကို မှန်ကန်တဲ့ အသိအမြင် အတွေးနဲ့ သိမြင်နိုင်ဖို့ အတွက်  social media သုံးတဲ့သူ တစ်ဦးချင်း မှာ တာဝန် ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကိုယ် တိုင်ပဲ ကာကွယ် ရပါမယ်။

DCKK – အဆုံးသတ်ရရင် နည်းပညာနဲ့အတူ social problem တွေက အများကြီးပါ။ အင်တာနက် ရတဲ့နေရာမှာ ရှိတဲ့ လူငယ်တွေ အားလုံး social media မှာ ရှိနေ ကြတယ်၊ social mediaကို သုံးသလို တစ်ဖက်မှာလည်း အကျိုးဆက်တွေ အတွက် ဆင်ခြင်နိုင်ဖို့ လိုပါတယ်။ အပျော် အတွက် သုံးတာ မဟုတ်ဘဲ ဘဝ အတွက် အကျိုး ရှိမယ့် learning ပိုင်းအတွက် အသုံးချစေချင်တယ်။

DMPT - ကျွန်မ တို့နိုင်ငံမှာ social media တစ်မျိုးဖြစ်တဲ့ facebook ဟာ တော်တော် ခေတ်စားပြီး သုံးတဲ့ လူလည်း တအား များပါတယ်။ အခု ဆိုရင် mobile device တွေကလည်း အင်တာနက်ရပြီး အချိန် မရွေးနေရာမရွေး သုံးလို့ရတော့ သတင်း အချက်အလက်တွေက ချက်ချင်း ဆိုသလို ဒီ social media ကတစ်ဆင့် ပျံ့နှံ့ တာ အရမ်းမြန်ပါတယ်။ မှန်တဲ့ သတင်းရော မမှန်တဲ့ သတင်းပါ ပျံ့ပြီး တစ်ခါတလေ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် လူငယ်တွေအနေ နဲ့ social media က လာတဲ့ သတင်းတွေအပေါ် အသိနဲ့ယှဉ်ပြီး ချင့်ချိန်တတ်ဖို့ လိုပါတယ်။

ကျောင်းသားတွေ အတွက်ဆိုရင် ကဏ္ဍစုံ အတွက် ကိုယ်မသိသေးတာတွေကို social media က တစ်ဆင့် သိနိုင် ၊လေ့လာနိုင်သလို friend တွေကိုလည်း share လုပ်လို့ရလို့ အများကြီး ရှိပါတယ်။ အလုပ်လုပ်တဲ့ လူငယ်တွေ ဆိုရင်လည်း အရင်းအနှီး မလိုဘဲ ကိုယ့်ရဲ့အလုပ်ကို social media က တစ်ဆင့် marketing လုပ်ရင်း အလုပ် ဖြစ်သွားနိုင်ပါတယ်။ Justin Bieber ဆိုရင် သူ့အသက် ၁၃ နှစ်မှာ သူ့သီချင်း ဗီဒီယိုကို You Tube ပေါ်တင်ရင်း ကမ္ဘာကျော်သွားတာ creativity ရှိတဲ့ လူငယ်တွေ အတွက် အားကျစရာပါ။

ဒီလို ကောင်းကျိုးနဲ့ ဆိုးကျိုး ဒွန်တွဲနေတာကို မမေ့သင့်ပါဘူး။ ကိုယ့် personal privacy ရှိတဲ့ information တွေကို share လုပ်ရင်း မလိုလားအပ်တဲ့ criminals တွေဖြစ်တတ်တဲ့ အတွက် သတိထားသင့်ပါတယ်။ ကျန်းမာရေး ထိခိုက်လောက်အောင်လည်း social media တွေအပေါ် မစွဲလမ်းသင့်ပါဘူး။ ကိုယ့် အလုပ်တွေ ကို လျစ်လျူရှုပြီး social media တွေထဲမှာ ဘဝတစ်ခု မတည်ဆောက်စေချင်ပါဘူး။ အပြင်မှာ ကိုယ်နဲ့ တကယ် မသိတဲ့သူတွေ အပေါ် သိပ်မယုံကြည် သင့် ပါဘူး။ တကယ်လို့ social media တွေကနေ တစ်ဆင့် သိကျွမ်းပြီး အပြင်မှာတွေ့မယ် ဆိုရင်လည်း ကိုယ်တစ်ယောက်တည်း မသွားဘဲ လုံခြုံမှု အတွက် ကိုယ့် သူငယ်ချင်းတွေ နဲ့ အုပ်စု လိုက်တွေ့ဆုံမှုက ပိုပြီး ပျော်စရာ ကောင်းပါတယ်။

အားလုံး ခြုံပြောရရင် ‘လူငယ်နဲ့ social media ‘အသုံးပြုမှုက နောင်လည်း ဒီထက် ကျယ်ပြန့်လာဦးမှာပါ။ ဒါကြောင့် social media ရဲ့ ကောင်းတဲ့အချက်တွေ ကို အနှစ်သာရ ရှိရှိ အသုံးပြုစေချင်ပါတယ်။ မကောင်းတာတွေကို အတုယူ မမှားစေဖို့၊ သင်ခန်းစာ ယူတတ်ဖို့ အကြံပြုချင်ပါတယ်။

DPPT – social media မှာ အကောင်းအဆိုး တွဲနေပါတယ်။ ကလေးတွေကို မသုံးဖို့ တားလို့မရပါဘူး။ ကိုယ်တိုင် သုံးကြည့်ပြီး အကောင်း၊ အဆိုးကို မိဘ အသိ ပညာပေးပြောပြနိုင်ဖို့ပါပဲ။ ဒီမိုကရေစီရဲ့ သဘောပါပဲ။ တစ်ဦး တစ်ယောက်ချင်းက ကိုယ့်ကိုယ်ကိုယ် တာဝန်ယူဖို့ လိုပါတယ်။

မအားလပ် သည့် ကြား မှ စကားဝိုင်း ဖြစ်မြောက်ရေး အတွက် အချိန်ပေး လာရောက် ဆွေးနွေး ပေးခဲ့သည့် ဒေါ်ချောခင်ခင် (Group CEO, MCC Group) ၊ ဒေါ်မေဖြူသွယ် (Director, Lucky Bird Group of Compa­nies) ၊ ဒေါ်နန်းကလျာဝင်း (CEO, Asian Fame Media Group) နှင့် ဒေါ်ဖြူဖြူတင် (Director, Monuments Books & Toys) တို့ကို Lifestyle မှ ကျေးဇူး အထူးတင်ပါသည်။

Lifestyle Magazine

( Vol.16, No.7, June 2013 )