ရတီ စာပေအနုပညာ မဂ္ဂဇင်း (၉) နှစ်ပြည့် အမှတ်တရ နှုတ်ခွန်းဆက် စကား

Yati-Greeting

မင်္ဂလာပါရှင်
ရတီ မဂ္ဂဇင်း ရဲ့ ၉ နှစ် သက်တမ်း ပြည့်မြောက် လာတဲ့ ဒီလထုတ် မှာ ရတီ ပရိသတ်ကို မင်္ဂလာ စကား ဆိုခွင့် ရတာ ဝမ်းမြောက် မိပါတယ်။ စာဖတ်သူတွေ မြတ်နိုးတဲ့ ရတီ ဆိုတာ ကနဦး ဘဝမှာ အဆင်မပြေမှု များစွာကို ပြောင်းလဲ ပုံဖော်ရာ ကနေ တဖြည်းဖြည်း နဲ့ စာမွေ့သူတို့၊ ဖက်ရှင်မွေ့ သူတို့ ရဲ့ ရွေးချယ်ရာ ဖြစ်ခဲ့ရတာပါ။ ကိုယ့် ကို ရွေးချယ်ထားတဲ့ သူတွေရဲ့ စိတ်နှလုံးမှာ အေးချမ်းဖို့၊ တိုးတက်ဖို့ကို ကျွန်မတို့ Asian Fame မီဒီယာက ပိုတာဝန် ရှိတယ်လို့လည်း ခံယူပြီး ကြိုးစားသွားမှာပါ။
နည်းပညာ တိုးတက် လာနေတဲ့ ခေတ်ကြီးမှာ စာတွေ၊ ပုံတွေကို e-version အဖြစ် အလွယ်တကူ ဖတ်လို့ ရနေတော့ ပုံနှိပ်ဖော်ပြတဲ့ မီဒီယာ တွေမှာလည်း စိတ်အား ငယ် ချင်စရာပေါ့။ အဲဒီလို အချိန်မှာ ပုံနှိပ်စာရွက် တွေကိုမှ မြတ်နိုးနေဆဲ စာအုပ် ချစ်သူတွေ ရှိနေသေးတာကိုပဲ ကျွန်မတို့မှာ ကျေးဇူးတင်ရပါတယ်။
ခုလို စာဖတ်သူတွေ နဲ့ ထိတွေ့ရတိုင်း ဟိုး…တစ်ချိန် ရတီ Pen Friend ကဏ္ဍ အောင်မြင်စဉ် က အကြောင်းတွေကိုလည်း လွမ်းဖြစ်တယ်။ ‘သင့်ရတီ အတွက် သင့်အမြင်’ ဆိုတာလေးတွေကို ပရိသတ်တွေက ပို့ကြ၊ စာဖတ်သူတွေရဲ့ ဝါသနာ ကိုယ်စီကို ကျွန်မတို့ ရတီ အဖွဲ့သားတွေက အကြံပြုစာတွေ ပြန်ပို့ကြနဲ့ အပြန် အလှန် ဆက်ဆံရေးတွေဟာ အံ့မခန်း ယုံကြည်မှု၊ ကြည်နူးမှုတွေ နဲ့ မဟုတ်လား။ ယုံကြည်မှုဟာ အသုံးချ ခံရလေ့ ရှိတတ်တဲ့ အတွက် Pen Friend တွေကြားမှာ လိမ်ညာ လှည့်ဖြားမှုတွေ ကြီးထွား မလာအောင် ကျွန်မတို့ ရင်နာနာ နဲ့ Pen Friend ကို ရပ်ခဲ့ရတယ်။ ခုချိန်မှာ တော့ ရတီ မဂ္ဂဇင်းရဲ့ Facebook လည်း ရှိနေပြီမို့  Yati Magazine ဆိုတဲ့ Facebook မှာ ရတီရဲ့ မိတ်ဟောင်း မိတ်သစ်တွေ Asian Fame မီဒီယာက အဖွဲ့သားတွေ ပျော်ရွှင်စွာ ဆုံတွေ့နိုင်ကြပါပြီလို့…

ချစ်ခင်လေးစားမှုများဖြင့်

 ငွေသော်တာ