“မမြင်ရသော လှိုင်းတို့ရဲ့အား”

moon-waves

ဒီရက်တွေ မှာ ပင်ပန်းပြီး နေမကောင်း ဖြစ်တာရယ်၊ ကိုယ်ပြန်လာမှပဲ ကလေး နှစ်ယောက်လုံး က ဖျားကြတာ ရယ်ကြောင့် မနေ့က အိမ်မှာပဲ နေဖြစ်တယ်။ သား ကိုယ်ပူ ကျအောင် လုပ်ပေးရင်း၊ ခရီးက ပုံတွေ ရွေးရင်း၊ အသံဖိုင်တွေ ပြန်နားထောင်ရင်း နဲ့ အာရုံက အလုပ်ထဲမှာပဲ ရှိပြီး တခြား လူမှုရေးတွေ နဲ့ ကင်းပြတ်နေခဲ့ပေါ့။ ည ၁၁ နာရီ မှာ အိပ်ရာ ဝင်တော့လည်း ဘာမှ ခေါင်းထဲ မှာ ရှိမနေဘဲ ခပ်မြန်မြန်ပဲ အိပ်ပျော်သွားခဲ့တာပါ။

လည်ပင်းက စူးရှပြီး နင်နေတဲ့ ခံစားမှုနဲ့ ရုတ်တရက် နိုးသွားချိန်မှာ ကိုယ့်အိပ်မက်ကို ကိုယ် ကိုယ်တိုင် အံ့သြနေခဲ့တယ်။ အချိန်ကို လှမ်းကြည့်တော့ ၁၂း၃၇၊ ဧပြီ (၂၆) ရဲ့ သန်းခေါင်ကို ကျော်ပြီ။ အိပ်မက်ကို မှတ်မိ သလောက် ပြန်ဖော်ကြည့်မိနေတယ်။ ငါဘာလို့ မက်တာပါလိမ့်။ ဘာမှလည်း မစွဲလမ်းဘဲနဲ့။

အိပ်မက်ထဲမှာ ကျမက ကုန်းဆင်းလေး တစ်ခု (သိပ်မမြင့်ပါဘူး) အတိုင်း ဆင်းသွားတယ်။ မြေပြန့်ပေါ် မှာ ကျူရှင်လို သင်တန်း တစ်ခု မှာ လူငယ်တွေ တက်နေကြ တယ်။ (သူတို့ရဲ့ကျောတွေကိုပဲ မြင်ရတာပါ)။ အဲဒီ နောက်နားက ကွပ်ပစ်ပေါ်မှာ လင်မယား နှစ်ယောက် ထိုင်နေပြီး သူတို့နားမှာ သုံးဆင့်ချိုင့် (စတီးချိုင့်) တစ်ခု ရှိနေ တယ်။ ရောက်လာတဲ့ ကျမကို အဲဒီ အမျိုးသမီးက ဝမ်းသာ အယ်လဲ ကြိုပြီး ”သမီး အတွက် ဟင်းချိုင့် ပို့ပေးမလို့ ပြင်ထားတာ၊ အတော်ပဲ၊ ခုစားသွားနော်” ဆိုပြီး ချိုင့်ဖွင့် ပြီး ကျမကို ဇွန်း နဲ့ ခပ်ကျွေးဖို့ ပြင်နေတယ်။ ကျမက ”စာသင်နေတာ ဆရာပြည့်လား” လို့ မေးလိုက်တော့ ”မဟုတ်ဘူး၊ သူက ဟိုဘက်လမ်းက ဦးသုစိတ္တကျောင်း မှာ သမီး ရဲ့” လို့ အဲဒီ အမျိုးသမီးက ဖြေတယ်။ အဲဒီအချိန်မှာ အဲဒီ အမျိုးသမီးကို အန်တီချိုရီ လို့ ခံစားလိုက်ရတယ်။ ဒါဆို ထိုင်နေတဲ့ အမျိုးသားက ဆရာ မောင်ဝဏ္ဏလား။ ဟင့်အင်း ကျမ သိပ်မသဲကွဲတော့ဘူး။ ကျမကို အန်တီ ချိုရီ ခွံ့ကျွေးနေတဲ့ ဇွန်းထဲမှာ ထမင်းနဲ့ ငရံ့ခြောက်ချက် ပူပူလေးနဲ့။ ကျမ ဆရာပြည့်ရှိတဲ့ ဘုန်းကြီး ကျောင်းကို လိုက်သွားချင်လို့ ထမင်းကို ခပ်သွက်သွက်ဝါးရင်း နင်လာတယ်။

လည်ပင်းက စူးရှပြီး နင်တဲ့ ခံစားမှုနဲ့ ရုတ်တရက် နိုးသွားတော့တာပါ။ ဘာဖြစ်လို့ အရမ်းဝေးကွာသွားတဲ့ သူတွေကို ဘာမှ မစွဲလမ်းဘဲ မက်တာပါလိမ့်။ ဘာပဲဖြစ်ဖြစ် ဒီ အိပ်မက် ကို ကျေနပ်ပါတယ်။ မတွေ့ရတော့မယ့် သူတွေကို တွေ့ခွင့်ရတဲ့ အိပ်မက်ကိုး။ ကျမရဲ့ ကုသိုလ်တွေ ဝေမျှပေးပြီး ပြန်အိပ်ပျော် သွားခဲ့တယ်။

မနက် လင်းတော့ ဝေခွဲမရတဲ့ စိတ်တွေနဲ့ အံဆွဲ တစ်ခုကို ဖွင့်လိုက်တယ်။ စာရေးဆရာ၊ အယ်ဒီတာ၊ ရုပ်ရှင် သရုပ်ဆောင် အောင်ပြည့် (၁၉၄၁-၂ဝဝ၆) ဆိုတဲ့ စာအုပ်သေးသေးလေးကို အမြန်လှန်ရင်း ရှာလိုက်တယ်။ စာမျက်နှာ (၁ဝ) မှာ တွေ့ပြီ။ ” ၂ဝဝ၆ ခုနှစ်ဧပြီ ၂၆ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ မှာတော့ သူ့အား အခါခါ တားပြီး လှည့်ပြန်သွားခဲ့ရသော ရှင်သေမင်းအား အားနာသွား၍လား၊ အားလျှော့လိုက်၍ပဲလား မသိ။ အောက်စီဂျင် အကူဖြုတ်ကာ အေးဆေးငြိမ်သက် တိတ်ဆိတ် စွာဖြင့် လိုက်ပါသွားခဲ့သည်။” တဲ့။

ဒါဆို မနေ့က ဆရာပြည့်ရဲ့ (၆) နှစ်ပြည့် နှစ်ပတ်လည်ပေါ့။ ကြည့်စမ်း…ဒါဟာ အီသာ ဓာတ်တွေရဲ့ ဆက်နွယ်မှုလား။

သံယောဇဉ်လှိုင်းတွေရဲ့ ပုတ်နှိုးမှု့လား……

ဆရာကျမကို စောင့်ရှောက်နိုင်သေးလား……

ဆရာရောက်နေတဲ့ ဘဝမှာကော အဆင်ပြေရဲ့လား……

မျက်ရည်တွေနဲ့ မလွမ်းချင်ဘူး။ ဒါပေမဲ့ ငိုနေတယ်။ အောင်မြင်မှုတွေနဲ့ လွမ်းမှ ဆရာ့စကား လိုက်နာ ရာကျမှာပေါ့။…..

ဆရာပြည့် ရောက်ရာဘဝမှာ ကြည်လင်အေးမြပါစေ။…….

ငွေသော်တာ