CEO မဂ္ဂဇင်းနှင့် အင်တာဗျူး

book

ဒီဘက်ခေတ် အမျိုးသမီး အမှုဆောင်များ

 ဒေါ်နန်းကလျာဝင်း

CEO

Asian Fame Media Group

အားလုံးကို လေးစားပေးဖို့

 အမျိုးသားနဲ့ အမျိုးသမီးက အခြေခံ Physical အရမတူပါဘူး။ မတူတာကို နှိုင်းယှဉ်ပြီး မပြောလိုပါဘူး။ အမျိုးသားက လွတ်လပ်ခွင့် ပိုရနိုင်တော့ အပေါင်းအသင်း အသိုင်း အဝိုင်း ပိုကျယ်ပြန့်နိုင်ပါတယ်။ ဒါကြောင့် စိန်ခေါ်မှုတွေ ပိုတွေ့ရတော့ အတွေ့အကြုံပို စုံနိုင်ပါတယ်။ အမျိုးသမီးကတော့ စေ့စပ်မှု၊ နူးညံ့မှု၊ စိတ်ရှည် သည်းခံနိုင် မှုတွေမှာ ပိုမယ်ထင်ပါတယ်။ အမျိုးသားဝါဒ (Male Chauvinist) ၊ အမျိုးသမီးဝါဒ (Feminist) မထားဘဲ Humanist နဲ့ပဲ အားလုံး ကိုလေးစားပေး ရင် ကောင်းပါတယ်။

မရှိသင့်တဲ့လုပ်ငန်းခွင်

 အမျိုးသမီး CEO မရှိသင့်တဲ့ လုပ်ငန်းခွင်မျိုးဆိုတာ ခုခေတ်မှာတော့ သိပ်မရှိတော့ဘူး ထင်ပါတယ်။ တချို့ အမျိုးသမီးတွေဟာ ယောက်ျား သားတွေပဲ ကျွမ်းကျင်လေ့ ရှိတဲ့ အလုပ်မျိုးတွေကို သူတို့ရဲ့မျိုးရိုးကြောင့်၊ ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်ကြောင့် ကျွမ်းကျင်လာပြီး အသုံး တည့်နေတာမျိုးလည်း ရှိတတ်တာပဲလေ။ ခြွင်းချက် ဆိုတာ ကတော့ နေရာတိုင်း ရှိနိုင်ပါတယ်။

သူရဲကောင်းလို့ မမြင်စေချင်

အမျိုးသမီး CEO အတွက် အခက်အခဲဆိုတာ သူနဲ့ သူ့အဖွဲ့ပေါ်မှာပဲ မူတည်ပါတယ်။ CEO ဆိုတာကို တစ်ယောက်တည်း သူရဲကောင်း လို့မမြင်စေချင်ပါဘူး။ Teamwork ကို ဖော်ဆောင်နိုင်ရင် အများရဲ့ အားကိုယူပြီး Synergy ဖြစ်အောင် လုပ်နိုင်ရင် CEO ဟာ အမျိုးသမီး ဖြစ်စေ အမျိုးသား ဖြစ်စေ အခက်အခဲတွေ ကို ကျော်ဖြတ်သွားပါလိမ့်မယ်။ အလုပ်လုပ်နေတဲ့ အမျိုးသမီး တွေ အနေနဲ့ အိမ်မှုကိစ္စများမှာ အချိန်ပေးပြီး တာဝန်ကျေဖို့ အခက်အခဲကတော့ မလွဲမသွေ ရှိကြမှာပါပဲ။

အရင်ခေတ်တွေမှာ အမျိုးသမီး CEO တွေအတွက် အားနည်းချက်တွေ ရှိနိုင်ပေမယ့် ခုခေတ်ကတော့ အမျိုးသမီးတွေ အတွက် အချိန်ကောင်းပါပဲ။ ပထမဆုံး မေးခွန်း မှာလည်း အဖြေတချို့ ပါပြီးသွားပါပြီ။ ကျား/မ မခွဲခြားဘဲ အတူတွဲပြီး ပန်းတိုင် သွားဖို့ အာရုံထားမယ်၊ အလုပ်ကိုကောင်းစွာ ပြီးမြောက်ဖို့ အာရုံစိုက်မယ် ဆိုရင် အားသာ ချက်တွေပဲဖြစ်နေမှာပါ။ အဲဒီလို မဟုတ်ခဲ့ရင်တော့ အားနည်းချက်တွေ ရှိလာမှာပေါ့။

အမျိုးသမီး CEO အနေနဲ့ ရပ်တည်နိုင်အောင် လိုအပ်ချက်တွေကတော့ ပြောရရင် အများကြီး ဖြစ်နေမှာ – အဓိက ကတော့ အများ ယုံကြည်မှု ရေရှည်ဖြစ်တည်အောင် စွမ်းဆောင်နိုင်မှု လို့ပဲမြင်ပါတယ်။

_DSC0419စံထားရတဲ့သူ

 အမျိုးသမီး CEO ကိုစံထားဖို့ တစ်ယောက်တည်း ရှိတာ မဟုတ်ပါဘူး၊ အများကြီးပါ။ သူ့နယ်ပယ် အလိုက် သူ့အားသာချက် အလိုက် အတုယူယူစရာတွေ ရှိကြပါတယ်။ ကျမတွေ့ဖူးတဲ့ အထဲမှာ အမျိုးသမီး CEO ရူပဝတီ ဦးဆောင်တဲ့ ဘန်ကောက်က ထိုင်းအမျိုးသမီး အများစု စီမံခန့်ခွဲတဲ့ Rakluke အုပ်စု ကိုတော့ သဘောကျတယ်။ နှစ် (၃ဝ) ကျော်သက်တမ်း ရှိနေတဲ့ ကုမ္ပဏီကြီး၊ ပုံနှိပ်မီဒီယာကော၊ ရုပ်သံ မီဒီယာပါ လုပ်ဆောင်နေတဲ့ အပြင် တစ်ခြားစီးပွားရေး လုပ်ငန်းတွေကော၊ စုစုပေါင်း (၁၂) မျိုးလောက် ရှိမယ်ထင်တယ်။ အားလုံးကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပဲ စီမံတယ်။ သူ့ဝန်ထမ်းနဲ့ သူ့ဖောက်သည် အပေါ်ထားတဲ့ စေတနာကိုက ကုသိုလ်ဖြစ်နေ တယ်။ လုပ်ပိုင်ခွင့် အပြည့်ပေးပြီး လုပ်ခိုင်းထားသလို၊ လိုအပ်ချိန် မှာလည်း တစုတစည်းတည်း လုပ်ကိုင်တာကို မြင်တွေ့ရတယ်။ CEO ဆိုပြီး တစ်ယောက်တည်း ထီးထီး ကြီး ညွှန်ကြားချက်တွေ ပေးနေတာမျိုး မဟုတ်ဘဲ အဖွဲ့နဲ့ တသားတည်း ပူးပေါင်းပြီးမှ ဆုံးဖြတ်ချက်တွေ ချပေးတတ်တဲ့ ပညာတတ်တို့ရဲ့ ကွေးညွှတ်မှုမျိုး အမျိုးသမီး တို့ နူးညံ့မှုရဲ့ ပြတ်ရှမှုမျိုးတို့ကို သူ့ဆီမှာ တွေ့ဖူးတယ်။

ကြိုးစားသွားရမယ်

နေရာတိုင်းမှာ  Opportunity cost  တွေ ရှိပါတယ် တစ်ခုရချင်ရင် တစ်ခုကို ပေးဆပ်လိုက် ရတာတွေ ရှိကောင်း ရှိနိုင်ပါတယ်။ အဲဒီလို အခြေအနေမျိုး ရှိလာမယ် ဆိုရင်လည်း win win situation ဖြစ်အောင်တော့ ကြိုးစားသွား ကြည့်ရမှာပေါ့ နစ်နာမှု ဆိုတာကလည်း ကိုယ်သတ်မှတ်မှ ခံစားမှပါ။

သဟဇာတဖြစ်ဖို့

အလုပ်နဲ့ လူမှုဘဝကို သဟဇာတ ဖြစ်ဖို့က quality life ကို နေထိုင်နိုင်အောင် ကြိုးစားရပါမယ်။ အချိန်တွေကို ဇယားချပြီး သုံးနိုင်အောင် ၊ ကျန်းမာရေး အသိ၊ သတိ ရှိနေအောင်၊ လူမှုရေးတွေ နဲ့လည်း မကင်းကွာအောင် လုပ်ရမှာတွေက အများသားပါပဲ။ ပြောတော့သာ လူတတ်ကြီး လေသံနဲ့ ပြောနေတာ။ တကယ်တမ်း ကျမရဲ့ အလုပ် နဲ့ လူနေမှု ဘဝကတော့ “ဦးနင်းပဲ့ထောင်၊ ပဲ့နင်း ဦးထောင်” ပုံစံမျိုးတွေလည်း တခါတလေ ရှိနေတတ်တုန်းပါပဲ။

_DSC0062ကိုယ်တိုင်လေ့လာမှုရှိနေမှသာ

Technical Skill, Communication/ Human Skill, Conceptual & Political Skill တွေ ရှိသင့်ပါတယ်။ အဲဒီ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင် မှုတွေ၊ လူမှုဆက်ဆံရေး ပညာတွေ၊ ပြဿနာ ဖြေရှင်းပုံတွေ၊ ကိုယ်နဲ့ ဆက်ဆံရသူတွေ အပေါ်မှာ အဆင်ပြေအောင် Politically Correct ဖြစ်ဖို့ ပြောဆို လုပ်ကိုင်တတ်ဖို့တွေ၊ တွေးခေါ်မြော်မြင် တတ်တဲ့ စွမ်းရည်တွေကို ကျွမ်းကျင်နေဖို့ တက်ထားသင့်တာက စီမံခန့်ခွဲမှု သင်တန်း၊ ဥပဒေနဲ့ ဆိုင်တဲ့ သင်တန်းတွေပါ။ ခုနောက်ပိုင်း မေးကြတာက ဘာနဲ့ ကျောင်းပြီးလဲ ဆိုတာထက် (မဟာဘွဲ့) ဘယ်နှခု လဲလို့ မေးကြတယ် မဟုတ်လား၊ တချို့ဆို မဟာဘွဲ့ (၅)ဘွဲ့ လောက်ရထားတယ်။ တချို့ကျတော့ ဒီပလိုမာ (၁ဝ) ခု လောက်ရထားတယ်။ အဲဒီလို လူမျိုးတွေက အများကြားမှာ ဘယ်ခေါင်းစဉ်ကိုပဲ ဆွေးနွေး ဆွေးနွေး၊ ခြုံငုံပြီး လိုရင်းရောက်အောင် အဖြေရှာနိုင်ကြတယ်။ သင်တန်းတွေ မတက်နိုင်ရင်တောင် စာအုပ်တွေ ဖတ်ပြီး ဆရာတွေဆီ ချဉ်းကပ် မေးမြန်းလို့ ရတဲ့ အတွက် လေ့လာမှု မပြတ်တာ အကောင်းဆုံးပါ။ ခေတ်ကိုက  Learning Age လေ။ စိတ်ရင့်ကျက်မှုကတော့ ကိုယ်တိုင် လေ့ကျင့် ယူရမှာပါ။

 ထိန်းသိမ်းရမှာပါပဲ

Human Ethics ဖြစ်တဲ့ လူ့ကျင့်ဝတ်ရယ်၊ Professional Ethics ဖြစ်တဲ့ လုပ်ငန်းပိုင်း ဆိုင်ရာ ကျင့်ဝတ်တွေကတော့ ဘယ်သူမဆို ထိန်းသိမ်းရမှာပါပဲ။ အမျိုးသမီး မို့လို့ ပိုထိန်းရမယ့် ကျင့်ဝတ်ရယ်လို့ ပြဋ္ဌာန်း မထားပါဘူး။ ဒါပေမယ့် ယဉ်ကျေးမှုအရ သင့်တော်ခြင်းရှိ၊ မရှိပေါ်မှာ မူတည်ပြီး နေထိုင်ပြောဆို ရတာတွေ့တော့ အမျိုးသမီးတွေ က ပိုသတိထားရပါတယ်။

CEO ဆိုတာ ခေါင်းဆောင် တာဝန်ယူနေ ရတာမို့ ကိုယ်တာဝန်ယူနေရတဲ့ အဖွဲ့အစည်းဝင်တွေရဲ့ ယုံကြည် လေးစားမှုရဖို့ လိုပါတယ်။ ကြော့ရှင်း သပ်ယပ်ခြင်းက ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ရှိစေသလို၊ အများရဲ့ အမြင်မှာလည်း ပသာဒ နဲ့ ယုံကြည်ခြင်း ဖြစ်စေပါတယ်။ ပြင်ပြင်ဆင်ဆင် သပ်သပ်ယပ်ယပ် ရှိချိန်နဲ့ မရှိချိန်မှာ အလုပ်လုပ်ချင်တဲ့ motivation လည်း ကွာပါတယ်။ သူစိမ်း တစ်ယောက်က အကဲခတ် လာမယ် ဆိုရင်လည်း ကိုယ့် intrinsic value က နောက်မှ ပြင်ပ အမြင်ကို အရင်အကဲခတ် သွားမှာလေ။ ဒါကြောင့် Grooming က တော်တော်ကို အရေးပါပါတယ်။

 DSC_5467

ကိုယ့်ဘ၀နဲ့ အလုပ်တိုးတက်မှုရမှာလား

ကိုယ်တိုင် ဝန်ထမ်း နေရာကနေ CEOကို ရွေးချယ်ပါ ဆိုရင် ကျား၊ မ က အကြောင်း မဟုတ်ပါဘူး။ အဲဒီ CEO ရဲ့ စွမ်းဆောင် ရည်နဲ့ ခေါင်းဆောင်မှု အောက်မှာ လုပ်ရင် ကိုယ့်ဘဝနဲ့အလုပ် တိုးတက်မှု ရမှာလား ဆိုတာကိုပဲကြည့်မယ်။

 အားမရဆုံးအချက်က

ကိုယ့်ကိုယ်ကိုယ် အားမရဆုံး အချက်က စကားပြောမြန်တာကိုပါ။ မှားခဲ့ဖူးတဲ့ အမှားတွေက များလွန်းလို့ မှတ်တောင် မမှတ်မိတော့ ပါ။ မှားလို့လဲ တတ်လာတာတွေ အများကြီးပါ။ မမှားဘဲနဲ့လဲ မတတ်ပါဘူး။ အမှားကနေ သင်ခန်းစာ ယူတတ်လိုက်ဖို့သာ အဓိကပါ။