Asian Fame Media Group ရဲ့ CEO ဒေါ်နန်းကလျာဝင်း @ ငွေသော်တာ

2-CEO

အိမ်ထောင်ထိန်းသိမ်းမှု ဆိုတဲ့ သီးသီးသန့်သန့် အခန်းကဏ္ဍ ကနေ မိသားစုနဲ့ ကိုယ်ပိုင်ဘ၀ တိုးတက်မှုကို ဟန်ချက် ညီအောင် ကြိုးစားလာကြသလို တစ်ဖက်ကလည်း နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ အနုပညာနဲ့ အတတ်ပညာ……ကဏ္ဍ နယ်ပယ်မျိုးစုံတို့ရဲ့ ရှေ့တန်း မျက်နှာစာတွေမှာ နေရာယူလာတဲ့ အမျိုးသမီးတွေ ရဲ့ ပါဝင်လာမှုက အားကျစရာ၊ အားရစရာပါ။ ဒီလ (June,2012) Lifestyle မဂ္ဂဇင်းရဲ့ Career Woman အဖြစ် အသိပညာ ဖြန့်ဝေတဲ့ လုပ်ငန်းတစ်ခုရဲ့ ဦးဆောင်သူ၊ ကိုယ်တိုင် ပိုင်ဆိုင်တဲ့ ဥာဏ်အလင်းပွင့်တွေ နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အလင်းရအောင် ထွန်းညှိပေးဝေသူ တွေထဲက အမျိုးသမီး တစ်ဦးကို မေးမြန်းရင်း၊ သူ့အတွေး၊ သူ့အမြင်၊ သူ့ခံယူချက်တွေကို အခုလို ပြန်လည်မျှဝေ ဖော်ပြလိုက်ပါတယ်။

မေး – စာအုပ်ထုတ်ဝေတဲ့လုပ်ငန်းကို စီးပွားရေးလုပ်ငန်းအဖြစ်လုပ်ဖို့ ဘယ်လိုရွေးချယ်ခဲ့တာပါလဲ။
ဖြေ- ဒီလုပ်ငန်းကိုရွေးချယ်ဖြစ်တဲ့ အကြောင်းတွေမှာ စီးပွားရေးလုပ်ငန်း အဖြစ် ဆိုတာက တစ်စိတ် တစ်ပိုင်း ပါပဲ။ စာဖတ်ကြတဲ့ မိဘပြည်သူတွေ အတွက် တစ်တပ်တစ်အား ပါဝင်ပေးနိုင်ဖို့လည်း ပါတာပေါ့။ ကျွန်မတို့ Asian Fame Media Group ကထုတ်တဲ့ စာစောင်တစ်ခု ဖြစ်တဲ့ ပေါ်ပြူလာနယူးစ် ရဲ့ဆောင်ပုဒ်က ”Right Decisions Come From Wide Vision” လို့ ချမှတ်ထားပါတယ်။ အမြင်ကျယ် မှုတွေ ကနေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တယ်။ အမြင်ကျယ်မှု ဆိုတာကလည်း စာကောင်း စာစုံ များများ ဖတ်နိုင်မှုပေါ် မူတည်တာကိုး။ ဒီအလုပ်ဟာ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ အလုပ်မျိုးမို့ လုပ်ရင်းနဲ့ ခုံမင်မြတ်နိုးလာပြီး ရေရှည်လုပ်ဖြစ်သွားတာပါ။

မေး – ကိုယ်ရွေးချယ်လိုက်တဲ့ လုပ်ငန်းကို ဦးဆောင်နိုင်ဖို့ ပြင်ဆင် ကြိုးစားခဲ့တာတွေ ကိုလည်း သိပါရစေ။
ဖြေ- ဒီလုပ်ငန်းကို စလုပ်တုန်း ကတော့ အစိမ်းသက်သက် ပါပဲ။ ဒါပေမဲ့ တစ်ခါတည်း တန်း ပြီး ခေါင်းဆောင်နေရာကို ယူခဲ့တာတော့ မဟုတ်ဘူး။ ဆရာကောင်းတွေ ဆီကနေ နည်းနာယူခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲလုပ်ရင်း လေ့လာခဲ့တယ်။ ဦးဆောင်နိုင်ဖို့ ကတော့ Leadership နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖတ်တယ်။ ကျောင်းတက်တုန်းက သင်ထားဖူးတဲ့ စီမံခန့်ခွဲမှု အတတ် ပညာတွေကို လက်တွေ့နဲ့ သီအိုရီ နည်းနည်းညှိပြီး ယူခဲ့ရတာတွေလည်း ရှိပါတယ်။ Position Power နဲ့ Personal Power ကိုမျှအောင် သုံးပါတယ်။ လက်တွေ့ လုပ်နေတဲ့ လုပ်ငန်း အတွေ့အကြုံတွေ ကလည်း ဦးဆောင်မှု စွမ်းရည်ကို တိုးပွားစေတာပါပဲ။

မေး – အမျိုးသမီး ဦးဆောင်သူ တစ်ယောက်အနေနဲ့ (စီမံခန့်ခွဲမှု ပြုရာမှာ၊ လုပ်ငန်းကို ဦးဆောင်ရာမှာ) ကြုံတွေ့ရတဲ့ အခက်အခဲ တွေရှိရင် အဲဒီအခက်အခဲတွေကို ရင်ဆိုင် ကျော်ဖြတ်မှု ပုံစံကို ပြောပြပေးပါ။
ဖြေ-လုပ်ငန်းကို စီမံခန့်ခွဲတဲ့အခါ အမျိုးသမီးမို့လို့ ကြုံရတယ် ဆိုတဲ့ အခက်အခဲမျိုးတော့ မရှိဘူး။ လူတိုင်း ကြုံတတ်တာမျိုးတော့ ရှိခဲ့ပါတယ်။ ဒါတွေကိုလည်း မျှော်လင့်ပြီး ဝိုင်းဝန်း ပြင်ဆင်ထားကြတဲ့ အတွက် ကျွန်မတို့ ကုမ္ပဏီမှာတော့ ကြီးကျယ်တဲ့ အခက်အခဲတွေ မရှိခဲ့ပါဘူး။ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ အစဉ် အလာကိုကလည်း အမျိုးသမီး၊ အမျိုးသားတွေဟာ တန်းတူ ရည်တူ လေးလေးစားစား ဆက်ဆံ ကြတာ ပဲလေ။ မေးခွန်းမေးလို့သာ ဖြေလိုက်ရတာ။ ကျွန်မ ကိုယ်တိုင်တောင် ‘အမျိုးသမီး ဦးဆောင်နေတယ်’ ဆို တာ မေ့နေတယ်။

မေး – ကိုယ့်လုပ်ငန်း တိုးတက် အောင်မြင်ဖို့ အဓိကထား လုပ်ဆောင်တဲ့ အချက်တွေ ကိုလည်း သိချင် ပါ တယ်။
ဖြေ -လုပ်ငန်းအောင်မြင်ဖို့ ကျွန်မ အဓိကထားပြီး လုပ်တာက သုံးပိုင်း ရှိပါတယ်။ ပထမ အပိုင်းအနေနဲ့ စီမံကိန်း ချမှတ် ရေးဆွဲတယ်၊ စီမံကိန်း ကလည်း အပေါ်အောက် မဟုတ်ဘဲ လက်တွေ့ အကောင် အထည်ဖော်တဲ့ သူတွေနဲ့ ဝိုင်းဝန်း ရေးဆွဲပြီး ဆုံးဖြတ်တဲ့ ပုံစံပါ။ ပြီးတော့ ဦးဆောင်မှု အပိုင်း၊ စည်းရုံး ဖွဲ့စည်းမှု အပိုင်းနဲ့ ကြီးကြပ်မှု အပိုင်းပါ။ ဒုတိယပိုင်းက စိတ်ကောင်း နှလုံးကောင်းနဲ့ အလုပ်လုပ်ပါတယ်။ စာဖတ်တဲ့ ပြည်သူတွေအပေါ် စေတနာထားပြီး အပြည့်အဝ ပေးဆပ်နိုင်ဖို့ အမြဲ အလေးထားပါတယ်။ တတိယ အပိုင်းကတော့ လူသားဆန်တဲ့ သဘောထား ရပ်တည်ချက်ပါ။ ကျွန်မတို့တွေဟာ စက်ရုပ်တွေနဲ့ အလုပ်လုပ်နေကြတာ မဟုတ်တဲ့ အတွက် Human Factors တွေကို ထည့်ပြီး စဉ်းစားရပါတယ်။ လူ ဆိုတာ သူ့အပေါ် လူသားချင်း စာနာ ထောက်ထားမှုနဲ့ ဆက်ဆံတာကိုပဲ ကြိုက်ပါတယ်။ စက်ရုပ်လို သဘော ထားတာကို မကြိုက်ပါဘူး။ လူ့သဘော သဘာဝကို လျစ်လျူရှုထားရင် ဘယ်လုပ်ငန်းမှ မအောင်မြင် နိုင်ပါဘူး။ အောင်မြင်ရင်လည်း ကြာကြာ မခံနိုင်ဘူးလို့ ခံယူထားပါတယ်။ လုပ်ငန်း တိုးတက်အောင်မြင် ဖို့ ကျွန်မ ကျင့်သုံးတာက အခုပြောခဲ့တဲ့ အချက်တွေပါပဲ။

မေး-လုပ်ငန်းခွင် အမျိုးမျိုးမှာ ကြိုးစားနေကြတဲ့ အမျိုးသမီးတွေကို ဘယ်လို အကြံပေးချင်ပါသလဲ။
ဖြေ-အခုဆိုရင် Women Empowerment က ကျယ်ပြန့်လာနေပြီ။ လုပ်ငန်းခွင် အလိုက် အောင်မြင်မှု ရနေတဲ့ စွမ်းရည် မြင့်မားတဲ့ အမျိုးသမီးတွေ အများကြီးပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက် ကစပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ၊  ကုန်သွယ်မှု လုပ်ငန်းတွေ နဲ့ ဝန်ဆောင်မှု လုပ်ငန်း တွေမှာ လုပ်ငန်း ရှင်တွေ အမြောက်အမြား ပေါ်ပေါက်လာ ခဲ့ပါတယ်။ အဲဒီ လုပ်ငန်းရှင် တွေမှာ အမျိုးသမီး လုပ်ငန်းရှင်တွေ လည်း ပါဝင်ပါတယ်။ လုပ်ငန်းခွင် အလိုက် စွမ်းရည်လည်း ရှိကြတယ်။ ကြိုးစားမှုလည်း ရှိကြ တယ်။ အောင်မြင်မှု တွေလည်း ရနေကြတာ တွေ့ရပါတယ်။ အမျိုးသမီး ဆိုပေမယ့် ကြိုးစားနေတယ် ဆိုကတည်းက အောင်မြင်မှု လမ်းမပေါ် ခြေချနေပြီပဲလေ။ ကျွန်မတောင် အကြံဥာဏ်ပေးဖို့ သိပ်မ လိုလောက်ဘူး ထင်ပါတယ်။

မေး- မီဒီယာ လောကမှာ ရှင်သန် ရပ်တည်နေတဲ့ လုပ်ငန်းရှင် အမျိုးသမီး တစ်ယောက် အနေနဲ့ လက်ရှိ မီဒီယာ လောကနဲ့ မဂ္ဂဇင်း၊ ဂျာနယ် ဈေးကွက် အခြေအနေပေါ် သုံးသပ်ချက်ကိုလည်း သိပါရစေ။
ဖြေ- ဈေးကွက် အခြေအနေကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် တဟုန်ထိုး တိုးတက်လာဖို့က အခုမှ အရိပ် အယောင်ပဲ မြင်ရသေးတယ်။ ဂျာနယ်ပဲ ဖြစ်ဖြစ်၊ မဂ္ဂဇင်း ပဲဖြစ်ဖြစ် ဆင်တူယိုးမှား တွေက များနေသေးတာကိုး။ မီဒီယာ လုပ်ငန်း လုပ်တဲ့သူ များလာသလို စာဖတ် ပရိသတ်လည်း များလာပါတယ်။ စာကြည့်တိုက်တွေလည်း တစ်နိုင်ငံလုံး ဖြန့်ကြက် ဖွင့်လှစ် လာနိုင်သလို စာဖတ်ရှိန်လည်း ပိုမြင့်လာနေ တယ်။ စာပေ ဈေးကွက်လည်း ပိုကျယ်ပြန့်လာနေတယ်။ အထူးသဖြင့် လောလောဆယ်မှာ ဂျာနယ်ဈေး ကွက် က ပိုကောင်းနေတာပေါ့။ ၂ဝ၁၅ မှာလည်း AFTA စတော့မှာ ဆိုတော့ အားလုံးရဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီအခါကျရင် စာဖတ်သူတွေရဲ့ ဝယ်နိုင်အား က တက်လာပြီး အရင်ထက် သုံးစွဲလာနိုင်တဲ့အခါ ဈေးကွက်က ပိုဖွံ့ဖြိုးလာမှာပါ။

မေး- လုပ်ငန်း တစ်ခုချင်းစီ ပေါင်းစပ်ထားတဲ့ Group တစ်ခုလုံး ဟန်ချက် ညီညီ လည်ပတ်နိုင်ဖို့ စီမံခန့်ခွဲမှု ပုံစံကိုလည်း သိပါရစေ။
ဖြေ- ကျွန်မတို့ Asian Fame Media Group  က အပတ်စဉ်ထုတ် ဂျာနယ် သုံးစောင်နဲ့ လစဉ်ထုတ် မဂ္ဂဇင်း သုံးအုပ်တို့ အပြင် ငွေသော်တာ စာပေတိုက်နဲ့ popularmyanmar.com ကိုလည်း လုပ်တာကိုး။ လုပ်ငန်း တစ်ခုလုံးကို ဟန်ချက် ညီညီနဲ့ လည်ပတ်နိုင်ဖို့မှာ Cooperation၊ Coordination ဆိုတဲ့ ပူးပေါင်း  ဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက်မှုက အရေးကြီးဆုံးပါ။ ဒီလို လုပ်နိုင်ဖို့အတွက် Unity ဆိုတဲ့ ညီညွတ်မှု တည်ဆောက်ရပါတယ်။ Unity ရှိဖို့ကလည်း ဖွဲ့စည်း အုပ်ချုပ်ပုံ (Structure) က အရေးကြီး ပါတယ်။ ကျွန်မတို့ရဲ့ ဖွဲ့စည်းပုံမှာ ဒေါင်လိုက် ဆက်သွယ်ရတဲ့ အဆင့် နည်းအောင်၊ Flat Structure ဖြစ်အောင် ၊ အဆင့်တွေ နည်းအောင်ပေါ့နော် လုပ်ထားပါတယ်။ အခုအချိန် မှာတော့ လုပ်ငန်း တစ်ခုချင်းကို Project အနေနဲ့ သွားပါတယ်။ အဲဒီ Project တွေဟာ Team-based ဖြစ်တဲ့ အတွက် ကျွမ်းကျင်မှု လုပ်ငန်း ဌာနပေါင်းစုံက ဝန်ထမ်းတွေ နဲ့ စုဖွဲ့ထားတော့ကာ Two-boss System ပေါ့နော်။ အဲဒီ ဝန်ထမ်းတွေဟာ Boss က နှစ်ယောက် ရှိပါတယ်။ ကိုယ့်ရဲ့ Mother Department က တစ်ယောက်ပေါ့။ ဥပမာပြောရရင် Popular News ဂျာနယ်က Project တစ်ခုလို့ ဆိုပါတော့၊ အဲဒီမှာ ပါတဲ့ Design Staff  တွေဟာ Design Departmentရဲ့Boss ကို တာဝန်ခံ ရသလို Popular News ရဲ့ အယ်ဒီတာချုပ် ကိုလည်း တာဝန်ခံရပါတယ်။ အဲဒီလို Team-Based သွားတဲ့ အတွက် ဟန်ချက် ညီညီနဲ့ လက်တွဲနိုင်ပါတယ်။ အချင်းချင်း လုပ်ငန်းခွင် သံယောဇဉ်စိတ်နဲ့ ပုဂ္ဂိုလ်ရေး သံယောဇဉ်တွေ အပြန်အလှန် ချိတ်ဆက် မိနေအောင်လည်း လုပ်ကြပါတယ်။ စနစ်ကပဲ ကျွန်မတို့ အားလုံးကို မောင်းနှင်တဲ့ ပုံစံဖြစ်အောင် ပုံစံ ချထားတာပါ။

မေး- ကြုံတွေ့ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအတွက် ပြင်ဆင်ထားမှု……။
ဖြေ- ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေမှာ ကြိုတင်ပြင်ဆင် ရတာကတော့ လူသား အရင်းအမြစ် ကို လေ့ကျင့် ပျိုးထောင် ထားတာ တစ်ခုတော့ ရမယ်။ တကယ်တမ်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI) တွေဝင်လာရင် ရုပ်ဝတ္ထုပိုင်းဖြစ်တဲ့ စက်ပစ္စည်း နည်းပညာတွေက ချက်ချင်းတပ်ဆင်လို့ ရတယ်။ လေ့ကျင့်သား ရနေတဲ့ လူ့အရင်းအမြစ် ကကျတော့ ရှားပါးနေရင် အဲဒါ စိန်ခေါ်မှု တစ်ခုပဲ။ အဲဒါကြောင့်မို့လို့ ကျွန်မတို့ဆီမှာ အလုပ်သင် ဝန်ထမ်းတွေကို အမြဲတမ်း ခေါ်ယူလေ့ကျင့် ပျိုးထောင်ပေးနေပါတယ်။

မေး- အလုပ်တွေ အရမ်းများ၊ အလုပ်တွေ မအားတဲ့ကြားက ကျန်းမာရေး အတွက်၊ မိသားစု အတွက်၊ ကိုယ်ကိုယ်တိုင် အတွက် ဘယ်လို အချိန်ပေး ဖြစ်ပါသလဲ။
ဖြေ- စိတ်ရောကိုယ်ပါ ကျန်းမာမှု ပြည့်စုံစေဖို့ ကံ၊ စိတ်၊ ဥတု၊ အာဟာရကို မျှတအောင် သတိထား ရပါတယ်။ ကျွန်မတို့ အလုပ်က စိတ်ဖိစီးမှု များတတ်တဲ့ သဘာဝ ရှိတာမို့ ယောနိသော မနသီကာရ ထားနိုင်အောင် အမြဲ ကြိုးစား လေ့ကျင့် ရတာပေါ့။ ကျွန်မတို့ ကုမ္ပဏီမှာ နေ့စဉ် ဌာနအလိုက် ဘုရားဝတ် တက်တာ၊ လစဉ် စုပေါင်း ဝတ်တက် ကြတာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ပိုင်း ဆိုင်ရာ သိမ်မွေ့ ယဉ်ကျေးအောင် လေ့ကျင့်တာ ကိုလည်း အချိန်ပေး လုပ်နေပါတယ်။ ခန္ဓာကိုယ် ကျန်းမာရေး ကတော့ အချိန်ရရင် ရသလို လမ်းလျှောက် တာလောက်ပဲ လုပ်ဖြစ်တော့တယ်။
ကိုယ့်ကိုယ်ပိုင် အားလပ်ချိန်၊ မိသားစုအတွက် အချိန်တောင်မှ မပေးနိုင်တဲ့ သူဟာ Time Management မလုပ်တတ်သူလို့ ကမ္ဘာကျော် ထိပ်တန်း  CEO တစ်ယောက် ဖြစ်တဲ့ အမေရိကန် လူမျိုး ခရိုင်စလာ မော်တော်ကား ထုတ်တဲ့ အိုင်ယာ ကော်ကာက ပြောဖူးတယ်လေ။
ကျွန်မတို့ အလုပ်ကလည်း ဝါသနာပါရင် ပင်ပန်းတယ်လို့ မထင်ဘဲ နှစ်မြှုပ်နေရော။ တစ်ခါတလေ မိသားစု ကကိုယ့်ကို ဆွဲထုတ်မှ အလုပ်ထဲ ကနေ ရုန်းထွက်နိုင်တဲ့ အခါတွေလည်း ရှိတယ်။ ကျွန်မ မိဘတွေ ရဲ့ ကျန်းမာရေးရယ်၊ ကျွန်မ သားနဲ့ သမီးရဲ့ စိတ်ဓာတ်တွေ အတွက်တော့ အချိန် သေသေ ချာချာ ပေးပါတယ်။ ညစာ အတူစားရင်း စကားလက်ဆုံ ကျတာတွေ၊ ရုပ်ရှင် အတူတူ ကြည့်ပြီး အမြင် ဖလှယ်တာတွေ၊ ကလေးတွေကို အိပ်ရာဝင် ပုံပြင်တွေ အစား လောကကြီးမှာ ဒီနေ့ တကယ် ဖြစ်ပျက်နေ တဲ့ အကြောင်းအရာတွေ ပြောပြပြီး သူတို့ကိုပဲ မှတ်ချက်ချ ခိုင်းတာမျိုးတွေ လုပ်တယ်။ မိသားစုအပန်းဖြေ အားလပ်ရက် ဆိုတာ ကတော့ သားနဲ့သမီး ရဲ့ ကျောင်းပိတ်ရက် တွေကိုပဲ ဖြစ်အောင် ရွေးချယ် ထားရပါ တယ်။

မေး- အမျိုးသမီး တစ်ယောက် အနေနဲ့ အလှအပနဲ့ ဖက်ရှင် အပေါ် စိတ်ဝင်စားမှုကိုလည်း ပြောပြပေးပါ။
ဖြေ- အလှအပနဲ့ ဖက်ရှင်အပေါ် စိတ်ဝင်စားပါတယ်။ ပြင်ပြင်ဆင်ဆင် လေးနေရင် အလုပ် လုပ်တဲ့အခါ စိတ်တက်ကြွမှု တစ်မျိုးကို ပေးတယ် လို့ ခံစားရတယ်။ အမျိုးသမီး တိုင်းလည်း သပ်ရပ် လှပသင့်ပါတယ်။ လွန်ကျူးပြီး ယဉ်ကျေးမှု လမ်းကြောင်းကနေ သွေဖီတာမျိုး၊ အဓိပ္ပာယ် တစ်မျိုး သက်ရောက် နေတာတွေ ကတော့ သတိထားစရာပါ။

မေး- သုံးဖြစ်တဲ့ အမှတ်တံဆိပ်တွေကိုလည်း သိပါရစေ။
ဖြေ- အမှတ် တံဆိပ်ကို စွဲလမ်းပြီး သုံးတာမျိုး မရှိပါဘူး။ ကိုယ့် အတွက် အသုံးဝင်မှု၊ အကြမ်းခံမှု၊ ကိုယ်နဲ့ လိုက်ဖက်မှုပေါ် မူတည်ပြီး ရွေးချယ်တဲ့ အခါ နာမည်ကြီး အမှတ် တံဆိပ်လည်း ဖြစ်တတ်သလို သာမန် အမျိုးအစား လည်း ဖြစ်နေတတ်ပါတယ်။

မေး- ထူးထူးခြားခြား လုပ်ဖြစ်တဲ့ ဝါသနာရှိရင် ……..
ဖြေ- ဝါသနာက အရွယ်ကို လိုက်ပြီး ပြောင်းလဲနေမယ် ထင်ပါတယ်။ အရင်တုန်းက ဖိနပ် လှလှလေးတွေ စုတာ ဝါသနာ ပါပေမယ့် အခုလို အသက်ကြီးပြီး ဒူးနာတတ် လာတဲ့ အချိန်မှာ အဲဒါမျိုး လုံးဝ စိတ်မဝင် စားတော့ဘူး။ အရင်တုန်းက မြေယာရှုခင်း အလှဆင်ရတာ၊ အိမ်တွင်း အလှဆင် ရတာ ဝါသနာပါတယ်။ ခုလို အချိန်မပေးနိုင်တော့တဲ့ အခါမျိုးမှာ အဲဒီဝါသနာကို အောင့်ထားရတယ်။ ခုလောလောဆယ် လုပ်ဖြစ် နေတာကတော့ ခရီးသွားရင်း ဓာတ်ပုံ ရိုက်တာကိုပဲ။ ဒေသ သင်္ကေတတွေရယ်၊ သဘာဝ ရှုခင်းတွေကို အပျော်တမ်း ရိုက်ဖြစ်နေတယ်။ စိတ်ထဲမှာ ပြောချင်တာတွေ ရှိလာရင်လည်း ဆောင်းပါး  ရေးဖြစ်တယ်။

အခုလို အချိန်ပေး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။