လူ့စွမ်းအား ပိုင်ရှင်များရဲ့ MPAN

Untitled-1

ကျွန်မအသက် ၃ဝ ကျော်မှ  ဘွဲ့လွန်တစ်ခုထပ်ပြီး တက်ဖြစ်တယ်။ ဘွဲ့က ‘ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပညာမဟာဘွဲ့’ ပါ။ အလုပ် တစ်ဖက်၊ မိသားစုကိစ္စ တစ်ဖက်နဲ့ဆိုတော့ ဝန်ထမ်းတွေတက်နိုင်တဲ့ ညနေပိုင်းသင်တန်း EMPA မှာ တက်ခဲ့ပါတယ်။ သင်တန်းသား အများစု ဟာ အတွေ့အကြုံများတဲ့ အဆင့်မြင့် တာဝန်တွေကို ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်ပြီး ကျွန်မတို့လို ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ NGO အဖွဲ့အစည်းတွေက သူများက လူနည်းစုပါ။ သင်တန်းဆရာတွေ က စီးပွားရေးတက္ကသိုလ်က အကျော်ဇေယျ တွေချည်းပါပဲ။

 ဆရာကြီး၊ ဆရာမကြီး တွေဟာ ဝါသနာ၊ စေတနာ၊ အနစ်နာဆိုတဲ့ ‘နာ’သုံးရပ်နဲ့ အပင်ပန်းခံပြီး  အရွယ် နဲ့ မလိုက်အောင် အင်တိုက်အားတိုက် သင်ကြား ပို့ချ ကြပါတယ်။ ဝါရယ်၊ သမ္ဘာရယ်၊ ပညာရယ် ပေါင်းစပ်ပြီး သင်ကြားပို့ချတဲ့ အတွက် အဖိုးမဖြတ်နိုင်တဲ့ ပညာဗဟုသုတတွေ အတွေ့အကြုံ တွေကို ရခဲ့ပါတယ်။ အသက်အားဖြင့် ငယ်ရွယ်သူများ ပါဝင်သင်ကြားရင်တောင် လူသာငယ်ပေမယ့် ပညာမငယ် သူများအဖြစ် စီးပွားရေး တက္ကသိုလ်ကြီးက မွေးထုတ်ထား ပါလားဆိုပြီး အမိ တက္ကသိုလ်ကြီးကို ပိုယုံကြည်ကိုးစားမိ စေလောက်အောင် ထူးချွန် ထက်မြက်ကြသူများပါ။ စာသင်ခန်း ရှိ စတိတ်ခုံပေါ်က ဆရာ တွေက အပိုင်နိုင်ဆုံး သီအိုရီတွေ၊ အပြည့်ဝဆုံး ဗဟုသုတတွေကို ဆင့်ပွားပေးသလို အောက်က သင်ယူနေတဲ့ သင်တန်းသား တွေဟာလည်း ရှုထောင့် ပေါင်းစုံက အတွေ့အကြုံ၊ အခက်ခဲတွေကို သီအိုရီ တွေနဲ့ ညှိဖို့ ပြန်လှန်မေးမြန် ဆွေးနွေးကြတဲ့ အတွက် ပညာရပ် ပေါင်းစုံဟာ သင်တန်းခန်းရဲ့  နေရာစုံက နေရရှိတဲ့ အနေထားပါ။ သင်တန်း ကာလ ၂နှစ် ပြီးမြောက်ချိန်မှာတော့ ဘာသာရပ် အားလုံးကလည်း ခြုံငုံမိသွားပါပြီ။

ပြည်သူ့အရေးကို စီမံခန့်ခွဲဖို့ ဆိုတော့ သိထားရမယ့် အကြောင်းတွေက ကိုယ့်တိုင်းပြည်၊ အခြားတိုင်းပြည်တွေအကြောင်း(အထူးသဖြင့် အရှေ့အာရှ နိုင်ငံတွေနဲ့ အရှေ့ တောင်အာရှ နိုင်ငံတွေ) ကိုယ့်နိုင်ငံနဲ့ လူမျိုးရဲ့ အားသာချက်၊ အားနည်းချက်တွေ၊ နိုင်ငံတစ်နိုင်ငံအကြောင်း လေ့လာမယ်ဆို ဘယ်အချက်တွေနဲ့ နှိုင်းယှဉ် ချိန်ထိုးမလဲ၊ လူသား အရင်းအမြစ်ကို အကောင်းဆုံး အနေအထား ဖြစ်အောင် ဘယ်လို စီမံခန့်ခွဲမလဲ၊ မြို့ပြနဲ့ကျေးလက်ရဲ့ ကွာဟမှုနဲ့ တိုးတက်မှုကို ဘယ်လိုညှိယူမလဲ၊ ဆင်းရဲမွဲတေမှုကို ပပျောက်အောင် ဘယ်လိုလုပ်မလဲ၊ သိထားရမယ့် ဥပဒေတွေ၊ တရားစီရင်ရေးစနစ်တွေ၊  နိုင်ငံတကာ ကုန်သွယ်မှုတွေ၊ ပြီးတော့ စာရင်းအင်းပညာ နဲ့ ဘယ်လို စနစ်တကျ စီမံခန့်ခွဲမလဲ။ မြို့ပြစီမံကိန်းများ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းစနစ်များ၊ လူထုကျန်းမာရေး၊ သဘာဝဝန်းကျင်ကိစ္စများ အရေးပေါ်ကိစ္စများကို စီမံခန့်ခွဲမှုစသဖြင့် သင်ရိုးညွှန်းတမ်းတွေက အပြည့်အစုံပါပဲ။ စိတ်ဝင်စားစရာ ကောင်းတဲ့၊ တိုင်းပြည်အကျိုးကို မြော်မြင်စေနိုင် တဲ့ ဒီပညာရပ် များကို သင်ယူခဲ့ရတဲ့ အချိန်တွေမှာ အလုပ်ကိစ္စများက တစ်ဖက်မို့ ပင်ပန်းပေမယ့် စိန်ခေါ်မှုများတဲ့ ခရီးနှစ်တွေလိုတော့ မထင်ခဲ့မိပါဘူး။ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်တွေရှိနေတဲ့ သင်ခန်းစာတွေကို သင်ယူရခြင်း မဟုတ်လား။ အဲဒီသဘောတရားတွေ သင်ယူပြီးချိန်မှာတော့ ငါ မွေးဖွားလာတဲ့ ဒီမြေကိုဘာတွေနဲ့ အကျိုးပြုမလဲ၊ ဘယ်လောက်ကော ကျေးဇူးဆပ်ပြီးပြီလဲဆိုတဲ့ အတွေးအမေးတွေက ကြီးစိုးထားနေပါတော့တယ်။ ခုချိန်မှာ အချိန်ပြည့် MPA က အပတ်စဉ် (၁၁)ခုရှိနေပြီး၊ အချိန်ပိုင်း EMPA က အပတ်စဉ် (၉)ကို ရောက်ရှိလာနေပါပြီ။ ဆယ်နှစ်ဆို တဲ့ ကာလအတွင်းမှာ အပတ်စဉ်ပေါင်း နှစ်ဆယ်ကိုအောင်မြင်စွာ ဖွင့်နိုင်ခဲ့တဲ့ အမိစီးပွားရေး တက္ကသိုလ်ကြီးရဲ့ ပီတိက ဘယ်လိုများ ရှိနေမှာပါလိမ့်။ သူအရောင်တင် မွေးထုတ် လိုက်တဲ့ လူ့စွမ်းအား ပိုင်ရှင်တွေဟာ တိုင်းပြည် အတွက် ဘာတွေလုပ်ပေးနိုင်မလဲဆိုတဲ့ စိတ်နဲ့နိုင်ငံတော်ရဲ့ စီမံခန့်ခွဲရေးတွေမှာ အမြော်အမြင် ရှိရှိ လုပ်ကိုင် နေကြမှာကိုး။ သင်ကြားပေးခဲ့တဲ့ ကျောင်းသားဦးရေ ကလည်း (၉၅၂) ဦးရှိခဲ့ပြီ။ ကိုယ့်အပတ်စဉ်လိုက် တွေ့ဆုံမှုတွေရှိခဲ့ကြပေမယ့် MPA အပတ်စဉ် အားလုံးတွေ့ဆုံတဲ့ MPA Gathering Dinner ကတော့ ၂ဝ၁၁ ခု၊ ဇန်နဝါရီ ၂၉ ရက်နေ့ ညနေကျမှ အင်းလျားလိတ် မြက်ခင်းပြင်မှာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဆရာကြီး၊ ဆရာမကြီး ၃၈ ဦး ကျောင်းသား ၄၄၈ ဦး တက်နိုင်ခဲ့တဲ့ ပထမဆုံးဆုံတွေ့ ပွဲ ဟာ အောင်မြင်တယ်လို့ ဆိုရမှာပါ။ ဒီပွဲမှာပဲ MPA network  ဖွဲ့စည်းရေး အတွက် မူကြမ်းရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ (Constitution) ကို ယာယီအလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌက အကျဉ်းရုံး ဖတ်ကြား တင်သွင်းခဲ့ပါတယ်။ MPAN နဲ့နာမည်ပေးထားတဲ့  MPA ကွန်ရက်ရဲ့  ဖွဲ့စည်းပုံအပြည့် အစုံကို on-line မှာလည်း ကြိုတင်ပြီး တင်ထားပေးလို့ အစည်းအဝေး ကို တက်လာတဲ့ သူတွေအားလုံးကလည်း သိရှိပြီးသား ဖြစ်နေကြပါပြီ။ အကြံပြုချက် တွေကိုလည်း on-line ကနေပဲ ပေးတဲ့လူတွေကလည်း ပေးထားပြီးကြပါပြီ။ နောက်တစ်ကြိမ် ထပ်မံကျင်းပမယ့် ညီလာခံကြီး  သင်းလုံး ကျွတ် အစည်းအဝေးကြီးမှာ တင်ပြဆွေးနွေး အတည်ပြုပြီးရင် အဖွဲ့ဝင်တွေအနေနဲ့ နိုင်ငံအကျိုးကို တစ်ခန်းတစ်ကဏ္ဍ ကနေ ပိုလို့ စည်းလုံးစွာ၊ နားလည်မှုရှိစွာနဲ့ ပူးပေါင်း ဆောင်ရွက်ကြမှာ မြင်ယောင်ရင်း …..

ငွေသော်တာ