ဘ၀ခိုင်ခံ့အောင် အုတ်မြစ်ချသူများသို့

267734_10150251279439237_648434236_7161246_4716885_a

‘သေဖော်သေဖက်’ ဆိုတဲ့စကားကို ကျွန်မ ခဏခဏကြားရတယ်။ ကျွန်မအဖေရဲ့ ဆရာ၊ မိတ်ဆွေ၊ တပည့်တွေဆီကနေပေါ့။ အဖေ့ရဲ့ ဆရာသမား ဆိုတာတွေက ကျွန်မတို့ဘဝရဲ့ ကျေးဇူးရှင်တွေပဲမို့ အဖေ့ကိုယ်စား ကျွန်မတို့က ဂါရဝသွားပြုလေ့ရှိတယ်။ အဲဒီအခါမျိုးမှာ သူတို့တွေဟာ ငယ်ငယ်တုန်းက အကြောင်းတွေကို ပုံရိပ်ဖော် ရင်း ဘယ်လိုလက်တွဲခဲ့ကြတယ်။ ဘယ်လို ရဲဘော်ရဲဘက်စိတ်နဲ့ တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းခဲ့ကြတယ် ဆိုတာကို ပီတိသံတွေနဲ့ ဇာတ်ကြောင်း ပြန်လေ့ ရှိကြတယ်။ အဖေ့မှာ ရှိတဲ့ မိတ်ဆွေတွေ အများကြီးထဲက တချို့နဲ့ဆုံရင် တစ်ယောက်ကို တစ်ယောက် ကယ်ခဲ့ဖူးကြ တာတွေကို ဂုဏ်ယူစွာ ပြောပြတာကို နားထောင်ရ တယ်။ အဖေနဲ့ အတူတွဲပြီး အဖေ့လက်အောက်မှာ လုပ်ဖူးကြတဲ့သူတွေနဲ့ တွေ့ရင် ”ငါတို့ကအဘနဲ့အတူ သေတွင်းထွက်တွေဟ၊ အဘကိုသေချာ ဂရုစိုက်နော်” လို့ မေတ္တာစကားပါးကြတယ်။ အဖေ့ရဲ့ တပည့်တွေထဲမှာ ကျွန်မရဲ့ ဆရာသမား ဖြစ်နေသူမျိုးတွေ လည်း ရှိပါတယ်။ အဖေ့မျက်နှာနဲ့ ကျွန်မကိုစောင့်ရှောက် လို့ ကျေးဇူးတင်ကြောင်း ပြောရင် ”ငါတို့နဲ့နင့်အဖေက သေဖော်သေဖက်တွေဟဲ့၊ ငါတို့ကို နင်တို့ မိဘတွေက စောင့်ရှောက် ခဲ့တယ်။ နင်တို့ကို ငါတို့က လည်း ပြန်စောင့်ရှောက်တယ်၊ နင်တို့ ကလည်း ငါတို့ သားသမီးတွေကို တတ်နိုင်သလောက် ရိုင်းပင်း တယ်။ ဒါပဲပေါ့” လို့ ကြက်သီးထဖွယ် ပြောသူလည်းရှိတယ်။ အဲဒီလိုမျိုးတွေ ကြားရရင် ဂုဏ်ယူရင်း စိတ်မကောင်းဖြစ်ရတယ်။ ဂုဏ်ယူတာက အဖေ့မှာ အသက်နဲ့ရင်းပြီး ခင်မင်တဲ့ မိတ်ဆွေတွေ များလှပါလားဆိုတာပါ။ စိတ်မကောင်း ဖြစ်တာက ငါ့မှာတော့ အဲဒီလို သေဖော်သေဖက် တမျှ ချစ်ခင်ရသူ မရှိပါလားဆိုပြီး ဖြစ်ရတာ။ ”ကြီးပြင်းလာတဲ့ ခေတ်ကာလလည်း ကွာပါ တယ် ။ ဖြတ်သန်း ရတဲ့ ဘဝပတ်ဝန်းကျင် အခြေအနေချင်းလည်း တူမှမတူတာ” လို့ပဲဖြေတွေးတွေး ရတယ်။ ကျွန်မတို့ခေတ်မှာက သည်းခံဖော် သည်းခံဖက် ရှိရင်ကိုပဲ အတော် ဟုတ်ပြီလို့ ပြောလို့ရတယ်။ ‘တစ်ယောက်တည်း သူရဲကောင်း’ခေတ် မဟုတ်တော့တဲ့ ခုလို Team Work ခေတ်မှာ နားလည် သည်းခံခြင်း က အသက်သွေးကြော ဖြစ်နေပါပြီ။ သူ့အားသာချက်၊ ကိုယ့် အားနည်းချက် ကိုယ် တတ်နိုင်တာနဲ့ သူတတ်နိုင်တာတွေကို အတိုင်အဖောက် ညီအောင် လုပ်ရတဲ့အခါ ‘သည်း ခံဖော် သည်းခံဖက်’ ဆိုတာက ပိုနက်ရှိုင်းလာပါတယ်။ အခါအားလျော်စွာ ဆုံခိုက်ကြုံခိုက် အချိန်များမှာ အဖေက ကျွန်မကိုသူ့ရဲ့ ဆရာတွေ၊ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေ နဲ့ မိတ်ဆက် ပေးလေ့ရှိပါတယ်။ အဲဒီပုဂ္ဂိုလ်တွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြရင်း သွန်သင်ကြ၊ နည်းလမ်းပေးကြရင်း ကူညီစောင့်ရှောက် တတ်ကြပါတယ်။ အဖေတို့ လုပ်ဖော်ကိုင်ဖက်တွေ ဆုံတတ်တဲ့ အလှူ၊ မင်္ဂလာပွဲ၊ သာရေး၊ နာရေးတွေမှာ သူတို့ရဲ့ နက်ရှိုင်းတဲ့ မေတ္တာ ထုထည်ကို တွေ့ရတိုင်း စိတ်ထဲမှာ တိတ်တိတ်လေး အားကျရင်း နောင်မှာရှားပါးတဲ့ အရာဖြစ်လာတော့မယ့် ဒီလိုမြင်ကွင်းတွေကို တရှိုက်မက်မက် ခံစားမိနေရုံပဲ ရှိနေတော့မှာပါ။ အဲ..တတ်နိုင် တာလေး တစ်ခုတော့ရှိတယ်။ သူတို့ရဲ့ ‘ရှင်ဖော်ရှင်ဖက်’ တွေနဲ့ အေးအေးဆေးဆေး တွေ့ခွင့်ရအောင် လုပ်ပေးနိုင်တာ တစ်ခုပဲ ကျွန်မတို့ တတ်နိုင်မယ် ထင်ပါရဲ့။ လူတိုင်းမှာ သေဖော်သေဖက် မရှိနိုင်ပေမယ့် ရှင်ဖော် ရှင်ဖက်ဖြစ်တဲ့ စေတသိက်တွေ ကတော့ ရှိပြီးသားပါ။ ဘဝမှာ ရုန်းကန် ကြိုးစားနေရတာတွေက အာရုံကို လက်ခံပြီး သတ်မှတ်ချက်ချခြင်းတွေကနေ ဖြစ်လာတဲ့ အကောင်းအဆိုး နောက်ဆက်တွဲတွေကိုး ..။

ဖခင် တစ်ယောက် ရဲ့ ကြိုးစားအားထုတ်မှုက သူ့မိသားစုပဲလေ။ အဲဒီလို တာဝန်ရှိခဲ့တဲ့ ကျွန်မ အဖေကလည်း ကျွန်မတို့ အတွက် လုပ်နေရတာနဲ့ သူ့အတွက် သူတောင် အေးချမ်းအောင် လုပ်ဖို့ အချိန် မပေးနိုင်ခဲ့ပါဘူး။ အဖေက ကျွန်မတို့ အတွက် ပူလောင်စွာ အလုပ်လုပ်နေ ရချိန်မှာ ကျွန်မက တရားနာလို့၊ ရိပ်သာတွေ လှည့်ဝင်ကြည့်လိုက်နဲ့ အေးချမ်းမှုအတွက် စိတ်ကို နည်းမျိုးစုံနဲ့ အကဲခတ် လေ့ကျင့်နေခဲ့လို့ စိတ်ထဲမှာအဖေ့အပေါ် မတရား ခဲ့ဘူးလို့ ထင်နေခဲ့ရသူပါ။ နောက်ပိုင်းမှာတော့ ခန္ဓာငါးပါးရဲ့ သဘော တရားတွေကို လိုက်သိပေးဖို့ အချိန်ရလာတဲ့ အဖေ့အတွက် ဝမ်းသာရတယ်။  အဖေ့အလုပ်မှာ ဝီရိယကိုစွမ်းအား ပါဝါ တစ်ခုလိုသုံးခဲ့တဲ့ အလေ့အကျင့်ကစွဲနေတော့ ဇွဲခတ်တာ၊ ပြတ်သားတာ၊ စူးစိုက်နိုင်တာတွေမှာ ကျွန်မတို့ ထက်သာတဲ့ အဖေ့ကို ‘တရားကို မတရားကြီးအားမထုတ်ပါနဲ့’ လို့တောင် စနောက်မိကြတယ်။ သမီးတွေ၊ အမျိုးတွေ၊ မိတ်ဆွေတွေက ဆရာတော်တွေရဲ့ တရား၊ စီဒီ၊ ဗီစီဒီ၊ စာအုပ်တွေကို လက်ဆောင်ပေးရင်း သူ့ရဲ့ရှင်ဖော်ရှင် ဖက်ကို မြင်သာအောင် ဝိုင်းကူကြပါတယ်။ အာရုံနဲ့ ဒွါရ (ဥပမာ အသံနဲ့ နားအကြည်) ပေါင်းလောင်တဲ့အချိန်၊ တိုက်တဲ့ အချိန်တွေမှာ နာမ်လေးပါးဖြစ်တဲ့ စိတ်စေတသိက်၊ ရှင်ဖော်ရှင်ဖက်တွေကို အဖေကောင်းကောင်း သဘောပေါက်ခဲ့တာက ဥဂ္ဂါသေန ဇာတ်မှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကို စွန့်လိုက်ပါ’ ဆိုတဲ့ ဘုရားစကားကို လက်တွေ့ကျင့်နိုင်လို့ပဲဖြစ်မှာပါ။ အဖေ့ သမီး ပီသ တဲ့ ကျွန်မဟာ သတ္တိရှိခြင်း ဆိုတဲ့ ဗီဇ အမွေကို ရထားသူ ဆိုတော့ အဖေကို ပြန်ဆရာ လုပ်ဖို့လည်း ဝန်မလေး တတ်သူပေါ့။ ဝီရိယ တွေတင်ပြီး အားထုတ်နေတဲ့ အဖေ့ကို ”လောကီ လိုချင်မှုတွေမှာ လောကုတ္တရာ လိုချင် မှုတွေကို အစားထိုးတာမျိုး မဖြစ်စေဖို့ လိုချင်မှုဆိုတဲ့ စကားလုံးကို သတိပြုပါ” လို့ အတတ်ကြူးတော့ အဖေက ”ဓမ္မ အကြောင်း ဆွေးနွေးနေရင်းနဲ့ စိတ်တိုလာလို့ ဓားမနဲ့ နင့်ကိုလိုက်ရမှာမျိုး မဖြစ်စေနဲ့” ဆိုပြီး ပြန်ငေါက်တာပေါ့။ ကျွန်မတို့ မိသားစု အတွက်တော့ ဒီပုံစံဟာ မိဘနဲ့ သားသမီး အစစ်ပါပဲ။ သားသမီးက မိဘကို တအား ကြောက်နေရတာမျိုး မဟုတ်ဘဲ လောကကြီးရဲ့ အဆီအငေါ် မတည့်မှုတွေကို အတူတူ ကြည့်မြင်ကြ၊ လောကကြီးရဲ့ လိုအပ်ချက်တွေထဲက ကိုယ်တတ်နိုင်တဲ့အရာ တချို့ကို အတူတူ ဝိုင်းဝန်းကြ၊ အချင်းချင်း နွေးထွေး စည်းလုံးခြင်း တွေနဲ့ လူပီသအောင် ကြိုးစားတတ်ကြတာဟာ အဖေ့ရဲ့ ဥာဏ် အမြော်အမြင် တွေကြောင့်ပါ။ ‘ငွေသော်တာ’ ဆိုတဲ့ ကျွန်မဘဝကို ခိုင်ခံ့အောင် အုတ်မြစ်ချ ပေးနိုင်ခဲ့ သူတွေထဲမှာ အဖေက အခရာပါ။ အပေါ် မီး အောက်မီးနဲ့ လှပစွာကျက်တဲ့ ဘိန်းမုန့်လို လောကဓံ အကောင်း အဆိုးတွေကြားက ကျွန်မကို အစွန်းလွတ်တဲ့ ရင့်ကျက်မှုတွေရရှိအောင် ချိန်ပေးနိုင်သူတွေ ထဲမှာ အဖေက အဓိကပါ။ မချိမဆံ့ ရုန်းကန်နေရတဲ့ မိန်းကလေးတွေ၊ ဘဝမလုံခြုံတဲ့ အမျိုးသမီးတွေကို တွေ့ရရင် ကျွန်မဘဝကို အဲဒီလို အခြေအနေမျိုးတွေက လွတ်ကင်းအောင် စောင့်ရှောက် လေ့ကျင့်ပေးတဲ့ အဖေ့ကို တိတ်တိတ်ကလေး ကျေးဇူးစကား ဆိုမိတယ်။ ကျွန်မတို့ မောင်နှမတွေကို အလျှော့ပေးတာမျိုးလည်း မဟုတ် ၊ ဖိအားပေးတာ မျိုးလည်း မဟုတ်ဘဲ ငယ်ငယ်ကတည်းက လေ့ကျင့်ပေးခဲ့တဲ့ ပုံရိပ်တွေကို မြင်ယောင် လိုက်ရုံနဲ့ ဖခင်တစ်ယောက်ရဲ့ စံနှုန်းနဲ့ တန်ဖိုးတွေဟာ ထင်းခနဲ၊ လင်းခနဲ။ ဒီဇွန်လ တတိယမြောက် တနင်္ဂနွေနေ့မှာ ကျရောက်လာတဲ့ အဖေ များနေ့ အတွက် ဒီဆောင်းပါးလေး နဲ့အတူ ‘အဖေ၊ အဖေ ကဲ့သို့သော ပုဂ္ဂိုလ်များနှင့် ဖခင် ဂုဏ်မြောက်သူ များကိုပါ ဂါရဝပြုကန်တော့ ပန်းဆင်လျက်.. မိသားစုများ အသီးသီး ကြည်လင်အေးမြ လန်းဆန်းပါစေကြောင်း’ ဆုတောင်းလိုက်ပါတယ်။

ငွေသော်တာ