‘ပထမ’ကို ဆွဲဆန့်ခြင်း

The First Music Journal က သူလည်း အုပ်ရာကျော်သွားပြီ လို့ဆိုရင်း ကျွန်မကို စာမူတောင်း လာပါတယ်။ ခုလို သူကနေ စာမူတောင်းခံ လာတာ ပထမဦးဆုံးမို့ ဘာအကြောင်း ရေးရမှန်းတောင် ချက်ချင်း စဉ်းစားလို့မထွက်။ ပထမဦးဆုံး ဆိုတာ တော်တော်များများဟာ အလွန် ကယောက်ကယက် နိုင်လှပါလား။ ကျွန်မ ဘဝ တစ်လျှောက် ပထမဦးဆုံးဆိုတဲ့ အရာတွေဟာ ဘယ်လောက်သေးနုပ်တဲ့ အကြောင်းအရာပဲဖြစ်ပါစေ အထူးအဆန်းနဲ့ မမေ့နိုင် စရာတွေ ဒုက္ခနဲ့ အခက်အခဲတွေက များပါတယ်။ ကျွန်မ သမီးဦးလေး မွေးတော့ ကိုယ့်ကိုယ်ကို ‘မေမေ’ဆိုတဲ့ နာမ်စားသုံးရတာ အဆင်မပြေဘူး။ ပထမဆုံး အကြိမ် မိခင်ဖြစ်ရတာ ဘာကြီး မှန်းကိုမသိဘူး။ ကြာလာတော့မှ ‘မေမေ’ဆို တဲ့ ကိုယ့်နာမ်စားဟာ ခွန်အားတွေ၊ မေတ္တာတွေ၊ အားမာန်တွေနဲ့ စေးပိုင် လာတာပါ။ ကိုယ့်သားသမီး ရဲ့ ပထမဆုံးကျောင်းတက်ရက် ဆို လည်း အသေးမွှားပေမယ့် ကိုယ့်အတွက် အရေးပါပြီး စိတ်လှုပ်ရှားတတ်ခဲ့တာ တွေဟာ မေ့မှ မမေ့နိုင်သေးဘဲ။ ပထမဆုံးအကြိမ် သမီးကိုခေါ်ပြီး နိုင်ငံခြား သွား လည်တော့ မလေးရှားမှာ Passport တွေအကုန်လုံး အခိုးခံခဲ့ ရတာလည်း အမှတ်တရပဲ။ သူများနိုင်ငံမှာ ကိုယ့် Passport ပျောက်တယ် ဆိုတာ အသက်ပျောက်တာနဲ့ မကွာဘူး။ အဲဒီတုန်းက စိတ်ညစ်လွန်းလို့ အစာစားလို့ တောင်မရ ‘ဝါးလို့လည်မရ၊ မျိုလို့လည်းမကျ’ ဆိုတဲ့စကားကို ပထမဆုံး နားလည်ခဲ့ ရတဲ့အချိန်ပေါ့။ ပထမဦးဆုံး ထင်မြင်ချက်တွေ ဟာလည်း မှားနေတတ် တာပါပဲ။ ဝန်ထမ်းတွေ ခန့်ဖို့ လူတွေ့စစ်ဆေး အင်တာဗျူး လုပ်တဲ့ အခါတွေမှာ အကဲခတ်တဲ့ အတွေးတွေက အမှားဆုံးပါပဲ။ အင်တာဗျူး လုပ်တုန်းက ညံ့မယ် ထင်ထားတဲ့ သူတွေက လက်တွေ့လုပ်ငန်းခွင်ထဲမှာ ပိုအံဝင်တတ်သလို၊ သိပ်အားကိုး ရမယ်လို့ ထင်ထားပြီး ခန့်လိုက်တဲ့ ဝန်ထမ်းက ပုံမလာတာ မျိုးပေါ့။ First impression ဆိုတာ လွဲနိုင်တယ်။ ပထမ ဆိုတိုင်းလည်း သေချာတာ၊ ပြည့်စုံတာ မဖြစ်နိုင်ပါဘူး။ ဟိုးအရင်က ကျွန်မတို့ သုံးခဲ့တဲ့ ကွန်ပျူတာတွေနဲ့ ခုခေတ် ကွန်ပျူတာတွေ ယှဉ်ကြည့်ပါဦး။ Floppy diskette နဲ့ အဖြူအမည်း မော်နီတာ Screen နဲ့ကိုပဲ ကောင်းလှပြီ ထင်ခဲ့ တာလေ။ နောက်ပိုင်း ကျလေ ပိုတိုးတက်လေ ဖြစ်နေတာ။ အဲဒီလို တိုးတက်လာ မှုတွေဟာ မပြည့်စုံတဲ့ ပထမတွေရဲ့ အကျိုးကျေးဇူးကြောင့်ပါပဲ။ ပထမဆိုတာ ဘယ်အခြေအနေမှာ မဆို ရှိဖို့လိုအပ်တယ်။ ဒါပေမဲ့ ပထမရှိ ပြီးသွားရင် ဒုတိယအကြိမ် မရှိသင့်တာကတော့ ကမ္ဘာစစ်ပဲ။ ပိုကောင်းမယ်ထင်လို့ ဒုတိယအကြိမ် ကြိုးစားတဲ့အခါ တန်ဖိုးကြီးတဲ့ သဘာဝတရား၊ မေတ္တာတရားတွေကို မစတေးမိဖို့တော့ ဆင်ခြင်ကြရမှာပဲ။ ပထမဆိုတာ လွတ်လပ်မှုနဲ့ အရည်အသွေး မြင့်မားမှုတွေ ပေါင်းစပ် ပါဝင်နေတဲ့အရာပါ။ အတော်ဆုံး ဆိုတာလည်း ပထမကို ကိုယ်စားပြုပါတယ်။ အဲဒီတော်ခြင်း၊ တတ်ခြင်းဟာ တစ်ကိုယ်ရေ တော်နေတာထက်၊ အများအတွက် တော်ပေးနိုင်ဖို့၊ အကျိုးပြုပေးနိုင်ဖို့ ပိုလိုပါတယ်။ အဦးဆုံး၊ အရင်ဆုံးတွေကိုလည်း ပထမနဲ့ ထပ်တူပြုကြတယ်။ သေချာတဲ့၊ မှန်ကန်တဲ့ လက်ဦးမှုတွေဖြစ်ဖို့ကတော့ လုပ်နေတဲ့ သူတွေရဲ့ သတိနဲ့ပဲ ပိုဆိုင်မှာပါ။ ကျွန်မ ပေါ်ပြူလာ ဂျာနယ်ကို ပထမဦးဆုံး စလုပ်တုန်းက ဘာမှကို မတတ်တာ။ ဖောင်ဆိုဒ်ချပ်တွေ ညှပ်၊ ကပ်တာကို ကူလုပ်တဲ့ အခါ ကိုယ်ဆွဲ လိုက်တဲ့ မျဉ်းကြောင်းလေး ပုံနှိပ်မှာ ပါလာရင်ပဲ ပီတိဖြစ်လို့မပြီးနိုင်၊ ကိုယ်ရေးတဲ့စာတွေကို ပုံနှိပ်စာလုံးအဖြစ် ခုချိန်မှာမြင်ရတဲ့အခါ အရင်တုန်းက မျဉ်းကြောင်းလေး လောက်တောင် ရင်မခုန်တော့တာ ‘ပထမ’ဆိုတဲ့ ခံစားချက် ကြောင့်များလား။ ပထမဦးဆုံးဆိုတဲ့ အကြောင်းရာ တချို့ဟာ ခိုင်လုံမှု၊ ရေရာမှု၊ ကြီးကျယ် မှု သိပ်မရှိတတ်ပေမယ့် ထူးဆန်းစွာ စွဲထင်စေတတ်တာ အံ့သြစရာနော်။ စာနယ်ဇင်း ရေစီးကြောင်းမှာ ယုံကြည်စွာ ကူးခတ်နေကြ သူများဟာလည်း အဲဒီဘယ်တော့မှ မပြီးဆုံးမယ့် ‘ပထမ’ကို ဆွဲဆန့်နေကြသူများပါပဲ။ ကိုယ်မသိတဲ့ ပရိသတ်နဲ့အပြန်အလှန် သံယောဇဉ် ဖြစ်ပြီး ပိုမိုခိုင်မာတဲ့ သန္နိဋ္ဌာန်တွေနဲ့ ကြိုးစားကြ တာဟာလည်း ‘ပထမ’ရဲ့ နောက်ဆက်တွဲ တွေကြောင့်ပါပဲ။ စာနယ်ဇင်း အလုပ်ဆိုတာ ကျင့်ဝတ်ကို လေးစားရင် လေးစားသလောက် ခက်ခဲတဲ့ အလုပ်ပါ။ ဘေးလူအနေနဲ့ မကျေနပ်၊ မတင်းတိမ်လို့ အပြစ်ပြောရတာသာ လွယ်တာပါ။ တကယ် လုပ်နေသူတွေရဲ့ အခက်ခဲကို လက်ရှိ လုပ်နေသူတွေကပဲ စာနာနိုင် ကြတာ။ ကုမ္ပဏီကြီးသည်ဖြစ်စေ ၊ သေးသည်ဖြစ်စေ၊ ပြဿနာကတော့ သိပ်ကွာလှတယ် မဟုတ်ပါဘူး။ တစ်ကိုယ်တော် သိုင်းသမားလည်း သူ့ပြဿနာ နဲ့သူ၊ ရှောင်လင်အုပ်စုလည်း သူ့အခက်အခဲ နဲ့သူပေါ့။ ဒီစာနယ်ဇင်း လောကမှာ အမှားပေါင်းများစွာနဲ့ (ကိုယ့်ကိုယ်ကိုလည်း သိကြပါတယ်) မျက်နှာပူစွာနဲ့ ရှေ့ဆက်လှမ်းကြတာ လည်း ခေါင်းစဉ်တပ်လို့ မရတဲ့ အနုပညာရဲ့ ‘ပထမ’ အားတွေကြောင့်ပါပဲ။ ဒီလိုအားတွေနဲ့ ကြိုးစား ထုတ်ဝေနေကြတာ ဆယ်စုနှစ် ကျော်လာသူတွေ၊ အုပ်ရေရာပြည့် ကျော်လာသူတွေ၊ ပင်စည်ကောင်း လို့ အခက်လက် ဝေလာတဲ့သူတွေနဲ့ စာနယ်ဇင်း လောကကြီးဟာ ပိုပြီး စည်ပင် လာနေတာလည်း ဝမ်းသာစရာ။ ကျွတ်တမ်းဝင်မယ့် သူ ပိုများလာနိုင်တယ်လို့လည်း ဆိုလို့ ရတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီအလုပ်က စိတ်ညစ်စရာ၊ စိတ်ပျက်စရာ၊ သည်းခံပေးရတာတွေ များလွန်းလို့ပါပဲ။ ဒီလောက်တောင်ပဲလား…လို့ မေးရင် ဒီ့ထက်တောင် ပိုသေးပဲ။ ကျွန်မတို့ စာနယ်ဇင်းသမား တွေဆိုတာ အမှားအများဆုံး လူသားတွေပါ။ အမှားတွေအတွက် တောင်းပန်ရလွန်းလို့ ဗေဒင်ဆရာတွေဆီမှာ ကန်တော့ပွဲ ကို ကန်ထရိုက် အပ်ထား တာတောင်မှ တော်ကာမကျဘူး။ ဒါပေမဲ့ စိတ်ညစ်စရာ ပြဿနာကြီး ‘ဘယ်လောက် ကြုံခဲ့ပါစေ ကျွန်မတို့ အသည်း ကလည်း အမှတ်ကိုမရှိ (ဂျာနယ်လစ်တွေအားလုံး သည်းခြေအိတ် ထုတ်ထားသလား ထင်ရတယ်)။ ဒီလိုနဲ့ပဲ ကျွန်မတို့ အားလုံးဟာ စာနယ်ဇင်း လောကထဲမှာ ငရုတ်သီးပိုးလို အပူမကြောက်တဲ့ သူတွေဖြစ်နေပါပြီ။ ဒါကြောင့်မို့ The First Music Journal ကိုလည်း အားပေးချင်ပါတယ်။ ဂျာနယ်အုပ်ရေ ရာကျော် ရောက်လာတဲ့ ခုလိုချိန်မှာ ဟိုးတုန်း ကစခဲ့တဲ့ ‘ပထမ’ခြေလှမ်းလေးကို သတိရလိုက်ပါ လို့ …မပြည့်စုံပေမယ့် အမှတ်ရစရာတွေ ဖြစ်ဆဲ ‘ပထမ’တွေ၊ မျက်လှည့် ဆန်ပြီး ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်တဲ့ ‘ပထမ’တွေထက် သာလွန်တဲ့ နေရာကို အရည်အသွေးပြည့်နဲ့ The First Music Journal ဆက်လက် ချီတက်နိုင်ပါစေ..

ငွေသော်တာ