ဘဝရဟတ် အစသတ်နိုင်ဖို့ ဗောဓိတစ်ထောင် ဓမ္မလက်ဆောင်

ဗောဓိ တစ်ထောင် ဆရာတော်ကြီး ဆေးရုံ တက်နေစဉ်ရော၊ အိန္ဒိယ က ပြန်ကြွ လာချိန်မှာရော (နောက်နှစ်ရက်ကျော်လောက်ပဲ နေရတော့မယ် ဆိုတာ လည်း သိနေ ပါပြီ) စိတ်ထဲမှာ ဖြစ်ခြင်း ပျက်ခြင်းကို နှလုံး သွင်းနိုင်နေတော့ သိပ် မခံစားရဘူးလို့ ထင်နေခဲ့တာ။ တကယ့် အန္တိမ ဈာပနာနေ့ ဖြစ်တဲ့ ၂ဝဝ၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက် အင်္ဂါနေ့ ရောက်တော့ ကိုယ့်အိမ်က ဘုရားခန်းထဲ ဝင်ချိန်မှာ ဘုရားလည်း ဦးမချနိုင်၊ ပွားများ ရွတ်ဖတ်ရယ့် ဝတ္တရားတွေ လည်း မလုပ်နိုင်သေးဘဲ ဆရာတော်က မိမိ ရဲ့ မိဘများကို ချီးမြှင့်ခဲ့တဲ့ ဥာဏ်တော် လေးပေခန့်ရှိတဲ့ မဟာ လာဘမုနိကြီး ကိုပဲကြည့်ရင်း မျက်ရည်တွေ တလိမ့်လိမ့် ကျလို့ပေါ့။ မြင်ရတဲ့ ရုပ်ပွားတော် ဆိုတာထက် ဒီလို မမြင်ရတဲ့ မေတ္တာရဲ့ထုထည်မျိုး ကိုရနိုင်ဖို့ အခွင့်ရေး မျှော်လင့်ချက်တွေလည်း ပါမယ်ထင်ပါတယ်။ အဲဒီကျတဲ့ မျက်ရည်တွေဟာ ဆရာတော်ကြီးအတွက်လား၊ ကိုယ့် အတွက် ကျတာလားလို့ စိစစ် ကြည့်လိုက်တော့ အတ္တ ကိုယ်ကောင် ကိုယ့်အတွက် ကျနေပါလား လို့ ရှက်ချိန်မရအောင် ပြန်နားလည်မိလိုက်တယ်။ ဟုတ် တယ်လေ… ဆရာတော်ကြီး အတွက်က ဘာမှပူစရာ မရှိဘူး၊ သူ့ငြိမ်းအေး လွတ်မြောက် မှုအတွက် သူပြင်ဆင်ပြီးသား။ ကိုယ်တွေမှာသာ ဆုံးမမယ့် သူလျော့ သွားတော့ လောက ကြီးကို ရင်ဆိုင်ဖို့ ခွန်အား နည်းသွားသလိုပဲ၊ နောက်ပြီး ဆရာတော် ကြီးဆီက အမြဲ ရယူချင်နေတဲ့ ဆန္ဒတွေ… ဆရာတော်ကြီး သီတင်းသုံးရာ မုံရွာ ကိုရောက်လို့ ပဲဖြစ်ဖြစ်၊ ဆရာတော်ကြီး ရန်ကုန်က လာလို့ပဲ ဖြစ်ဖြစ် ဦးခိုက် တဲ့အချိန်တွေရော၊ လူကိုယ်တိုင် မရောက်ဖြစ်လည်း လူကြုံနဲ့ရော ဆရာတော်ကြီးက တစ်ခု မဟုတ်တစ်ခု ချီးမြှင့်လေ့ ရှိတယ်လေ။ ကိုယ့်ကိုယ်မှ မဟုတ်ဘူး၊ လူတိုင်းကို ပေးကမ်း ချီးမြှင့် လှူဒါန်းချင်နေတာ အချိန်တိုင်းပဲ။ မုံရွာဗောဓိ တစ်ထောင်ကို ဘုရား ဖူးရောက်ခဲ့ဖူး သူတိုင်းလည်း သတိပြုမိမှာပါ။ ဆရာတော်ကြီး ရှိတဲ့ အချိန်တွေဆိုရင် လာဖူးကြသူတိုင်းကို စိပ်ပုတီး၊ ပန်းပေါင်း တစ်ထောင်နဲ့ သွန်းတဲ့ ဘုရား ရုပ်ပွားတော်၊ ဘော်နဲ့ သွန်းတဲ့ ရုပ်ပွားတော် တွေ ချီးမြှင့်လေ့ ရှိပါတယ်။ အဲဒီလို လှူဖို့တွေကို အရန်သင့် အများကြီး ရှိနေအောင် ဆရာတော်ကြီး စီစဉ် တတ်မှန်း သိတော့ တပည့် ဒကာတွေ ကလည်း ဆရာတော်ကြီး စိတ်သွားတိုင်း ကိုယ်ပါ လှူနိုင်အောင် စီမံ လှူဒါန်းပေး ဖြစ်ကြတယ်။ ဆရာတော်ကြီးက သူ့ဆီလာ သူတိုင်းကို သူ့ လက်ဆောင် ရစေချင် ပါတယ်။ ဝတ္ထုပစ္စည်း မရှိရင်တောင် ဆုံးမ စကား လက်ဆောင် အမြဲပေးလေ့ ရှိပါတယ်။ ဗောဓိတစ်ထောင် တို့ လက်ဆောင် ဆိုတဲ့ စာအုပ် ငယ်လေးမှာ လည်း ဂုဏ်တော် ပွားဖို့ နဲ့ သတိပြု ဆင်ခြင်ဖို့တွေ ထည့်သွင်း ရိုက်နှိပ်ပြီး ဒါနပြုလေ့ ရှိပါတယ်။ ဆရာတော်ကြီး ရှိစဉ်ကလိုပဲ ဆုံးမစကား တွေ ကြားယောင် နိုင်ဖို့ အချို့ကို ထုတ်နုတ် တင်ပြလိုက်ပါတယ်။

အနေတတ်ရန်

    အပူထဲမှာ အေးအောင်နေ

    အမှောင်ထဲမှာ လင်းအောင်နေ

    အရှုပ်ထဲမှာ ရှင်းအောင်နေ

ကာလ (၃) ပါး

    အတိတ်ကိုလည်း မပြန်နဲ့

    အနာဂတ်ကိုလည်း မကြံနဲ့

    ပစ္စုပ္ပန်ကိုလည်း မတွယ်နဲ့

    ဖြစ်ပျက်ကို မြင်အောင်ရှု

ရှောင်ကြဉ်ရန်

    (၁) မာရ်နတ်လို မယုတ်မာနဲ့

    (၂) ဒေဝဒတ်လို မကြံစည်နဲ့

    (၃) အဇာတသတ်လို လူပေါင်းမမှားနဲ့

    (၄) ဇူဇကာလို အစားမကြီးနဲ့

    (၅) ဒဿဂီရိလို အချစ်မကြီးနဲ့

    (၆) စူဠသုဘဒ္ဒါလို ရန်ငြိုးမထားနဲ့

    (၇) အင်္ဂုလိမာလလို မရက်စက်နဲ့

    (၈) မဗျိုင်းလို ဘဝမမေ့နဲ့

    (၉) အရှိနဲ့အသိ, ထာဝရမြဲပါစေ။

လောကီ လောကုတ္တရာမှာဘာလုပ်လုပ် ‘စ’ သုံးလုံးနဲ့လုပ်

    စဉ်းစဉ်းစားစားလုပ်

    စေ့စေ့စပ်စပ်လုပ်

    စူးစူးစိုက်စိုက်လုပ်

လောကီ လောကုတ္တရာမှာ’က’ သုံးလုံးနဲ့နေ

    ကာယကံကောင်း

    ဝစီကံကောင်း

    မနောကံကောင်း

အခု ရေးသားနေတာတွေဟာ ဆရာတော်ကြီး ဆောင်ရွက် ခဲ့တဲ့ သာသနာရေး ဆောင်ရွက်ချက်တွေ၊ မေတ္တာတွေ နဲ့ ယှဉ်ရင် ရွှေဖလားကို ငွေနားကွပ် သလိုဖြစ်နေမှာမို့ ခွင့်လွှတ် နားလည်မှုတွေ နဲ့ ဖတ်ရှုပေးစေလိုပါတယ်။ ဆရာတော်ကြီးဟာ ဥာဏ်တော် ကြီးမားသူမို့ မပျံ့လွန်မီ ကတည်းက ပစ္စုပ္ပန် တည့်တည့်ထားပြီး အစီအမံဆောင် ရွက်ချက်တွေကို ပြုတော်မူထားပါတယ်။ ဆရာတော် ဘုရားကြီး မပျံ့လွန်ခင် လက်ရေးမှာ ကြားချက် (၁) (၂)၊ နှုတ်ဖြင့် မှာကြားချက် (၁) (၂) တို့ကို ဖတ်မိသူတိုင်း မျက်ရည် ဝိုင်းကြမှာ သေချာပါတယ်။ ဝေဒနာဖိစီး နှိပ်စက်နေချိန် မှာတောင် အားလုံးအတွက် မေတ္တာထားကာ စီစဉ်ပေးနိုင် တာကိုလည်း အံ့သြမိပါတယ်။ ဆရာတော် ကြီးဆေးကုသမှု ခံယူခဲ့တဲ့ နန်းတော်ဆေးရုံ အတွက် စိန်ဘုရားတစ်ဆူ လှူဒါန်းဖို့၊ ရှင်သီဝလိ ဓာတ်တော် တစ်စုံတို့ကို ရပ်တော်မူ ဘုရားကြီး၏ ဦးခေါင်းတော် တွင်း ဌာပနာ ပေးဖို့၊ ဗောဓိ တစ်ထောင် ကျောင်းတော်ကြီး အတွက် ဆေး၊ ဆွမ်း ပဒေသာပင်တွေ အပြင် သံဃာတော်များ၊ သီလရှင် များနဲ့ ကိုးကွယ်ကြတဲ့ ဒါယကာ၊ ဒါယိကာမ များအား လည်း အပြစ်ရှိက ခွင့်လွှတ်ပါသည်လို့ မိန့်မှာ ထားပါသေးတယ်။ ဆရာတော်ကြီးရဲ့ ၃၁ ဘုံ သားတွေ အပေါ် မှာထားတဲ့၊ ကြီးမားတဲ့ ဆန္ဒကတော့ ဘဝ ရဟတ် အစ သတ်နိုင်ကြဖို့ပါ။ အမြဲလှူဒါန်း ပေးကမ်းချင်နေတဲ့ ဆရာတော်ကြီးရဲ့ ဆန္ဒ အတိုင်းပဲ ဈာပနာ သဘင်ရက်တွေ မှာလည်း ထမင်းရည်ချောင်း စီးဆိုသလို ပဲ အလှူကြီး ပေးနိုင်ခဲ့ ပါပြီ။ ဒါန ပါရမီထက် သန်ပြီး အလှူကြီးပေး လိုတဲ့ ဆရာတော်ကြီး ရဲ့ ဆန္ဒကိုလည်း ကျန်ရစ်ခဲ့ကြတဲ့ တပည့်ဒကာ၊ ဒကာမတွေ က ဖြည့် စွက် ကျေး ဇူး ဆပ်ပေးခဲ့ ကြပါပြီ။ ဆရာတော်ကြီးရဲ့ မေတ္တာဓာတ်နဲ့ ရည်သန်ခဲ့တဲ့ အတိုင်း အားလုံးသော ပုဂ္ဂိုလ် အပေါင်း တို့လည်း ဘဝရဟတ်အစ သတ်နိုင်ကြ ပါစေ။

ငွေသော်တာ