ဒစ္စနေးခရီးသွားအိပ်မက်များ

3909

ခရီးသွားတယ် ဆိုတာ ရည်ရွယ်ချက်လေး တွေ အမျိုးမျိုးရှိတတ်ကြပါတယ်။ သားသမီးရှိ လာတဲ့ မိဘတွေအဖို့ ခရီးသွားခြင်း ကတော့ အလုပ်ကိစ္စ ကလွဲရင် ကျန် တာတွေမှာ ကိုယ့် သားသမီးတွေနဲ့ အတူတကွ ပျော်ပျော်ပါးပါးသွား ချင်ကြတာပါပဲ။ သားသမီးတွေပျော်တဲ့ အပျော် ကပဲ ကိုယ့်ရင်ထဲကို စီးဆင်းလာလို့ရတယ်။ သူတို့ မပါဘဲ သွားရတဲ့ အခါ ဘယ်လိုပျော်စရာမျိုး ပဲတွေ့တွေ့ ခံစားလို့တယ်မရချင်ဘူး။ ဟောင်ကောင်ဆိုတဲ့နေရာမျိုးကို ကိုယ့်ဘာသာကိုယ်ဆို သွားဖို့မစဉ်းစားပါဘူး။ ဒါပေမဲ့ ကလေးတွေရဲ့ အသည်းစွဲ ဒစ္စနေးဥယျာဉ်ကမ္ဘာလေးက ဟောင်ကောင်မှာ ၂ဝဝ၅ ခုနှစ် ဇူလိုင်တုန်းကမှ ဖွင့်ထား တာဆိုတော့ ကလေးတွေကို ပို့ချင်စိတ်က မဖွင့်ခင်ကတည်းကရှိခဲ့တာ။ တခြားဒစ္စနေးဥယျာဉ် တွေက ဖလော်ရီဒါ၊ ကယ်လီဖိုးနီးယား၊ ပါရီနဲ့ ဂျပန်မှာဆိုတော့ နီးနီးနားနားပို့စရာက ဟောင်ကောင်ပဲ ရွေးလို့ရမယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ၂ဝဝ၆ ခုနှစ်ရဲ့ ခရစ္စမတ်အားလပ်ရက်တွေမှာ သူတို့နဲ့ အတူ ဟောင်ကောင်သွားလည်ဖို့  စီစဉ်ရတာပေါ့။ ဟိုမှာ ဆွေမျိုးမပြောနဲ့ မိတ်ဆွေတောင်မရှိတဲ့သူအနေနဲ့ ခရီးသွားကုမ္ပဏီကိုပဲ အားကိုးအား ထားပြုရင်း ရောက်ခဲ့ရတာပါ။ ရတီရဲ့ပရိသတ်တွေ ဟောင်ကောင်သွားဖြစ်ရင် လည်းရတာ အဆင်ပြေအောင် သိတာလေးတွေ ပြောပြမယ်နော်။

    ဟောင်ကောင်ကျွန်းစု ဆိုတဲ့အတိုင်း ဟောင်ကောင်ကျွန်း၊ လန်တူကျွန်း၊ လမ်မာကျွန်း စသဖြင့် ရှိကြတော့ တံတားတွေက နေရာတကာမှာ ပေါ မှပေါပဲ။ ဒစ္စနေးဥယျာဉ်က လန်တူကျွန်းပေါ်မှာ။ တခြားလည်စရာ တော်တော်များများက ဟောင် ကောင်ကျွန်းပေါ်မှာ။ ဒါကြောင့် ဒစ္စနေးကို လည် မယ်ဆိုရင် အဲဒီဥယျာဉ်နားက ဒစ္စနေးပိုင် ဟိုတယ်နှစ်ခုကို ဘွတ်ကင်လုပ်တည်းမှ လည်တာအဆင်ပြေတယ်။ ဟောင်ကောင်မှာ လည်မယ်ဆိုရင် လည်း မြို့ထဲကဟိုတယ်တည်းပြီး လည်မှသွားရလာရတာ အဆင်ပြေတယ်။ ဟောင်ကောင် မြို့လယ်မှာ စတည်းချပြီး နေရာစုံသွားလို့ လည်လို့ ဖြစ်တယ်လေ။

           ဒစ္စနေးရဲ့ဟိုတယ်နှစ်ခုက ခေတ်မီ ဒီဇိုင်းပုံ ဆောက်ထားတဲ့  Disney’s Hollywood ဟိုတယ်နဲ့ ရဲတိုက် ပုံခပ်ရိုးရိုးဆောက်ထားတဲ့ Disney Land ဟိုတယ်တွေပါ။ အဲဒီဟိုတယ် နှစ်ခုက ကပ်ရက်ပါပဲ။ ဟိုတယ်ထဲ မှာလည်း ကာတွန်းဇာတ်ကောင်တွေက သူ့အချိန်နဲ့သူ သွား လာလှည့်လည်နေကြတယ်။ တီဗီမှာလည်း တစ် ချိန်လုံး Disney Channel တွေ လွှင့်တဲ့ အပြင် ညအိပ်ရာဝင်ချိန်မှာလည်း အိပ်ရာဝင် ပုံပြင်ဇာတ် လမ်းတွေ လွှင့်ပေးတော့ ပိုစိတ်ကူးယဉ် လို့ကောင်းတာပေါ့။ ဟိုတယ်နဲ့ အခန်းတွေရဲ့ အပြင် အဆင်ဟာ အိပ်မက်ကမ္ဘာ ထဲရောက်နေရ သလို ခံစားစေရအောင် ပြင်ဆင်ထားတယ်။ ဟိုတယ်ထဲမှာပဲ အရုပ်ဆိုင်တွေ၊ စားသောက် ဆိုင် တွေနဲ့မို့ ဥယျာဉ်ထဲမရောက်ခင်ကတည်းက ပျော် စရာတွေချည်းပဲ။ ဟိုတယ်ကနေ ၁၅ မိနစ်တစ်ခါ ဥယျာဉ်ကိုထွက်နေတဲ့ ဘတ်(စ်)ကားတွေစီးသွား ရင် ၅ မိနစ်တောင် မကြာဘဲနဲ့ ဒစ္စနေးဥယျာဉ် အဝကိုရောက်တယ်။ အဲဒီ Shultle Bus တွေက အခမဲ့ ကြိုက်သလိုစီးပဲ။ ဥယျာဉ်ထဲဝင်တဲ့လက်မှတ်က ဟိုတယ်မှာ ဝယ်လည်းရတယ်။ ကိုယ့် ခရီးသွား ကုမ္ပဏီနဲ့ ကြိုဝယ်ခိုင်းလည်းရတယ်။ ဝင်ခွင့် လက်မှတ်နှုန်းထားနဲ့ ဟိုတယ် စရိတ် တွေက ခရီးသွားရာသီတို့၊ ခရစ္စမတ်အားလပ်ရက် တွေဆို ဈေးကြီးတယ်။ အဲဒီလို အချိန်တွေပဲသွားဖို့ ကိုယ်က အားတယ် ဆိုရင် ကြိုတင်စီစဉ်နိုင်မှ တော်ကာကျရယ်၊ သွားမယ့် လမ်းကြောင်းတွေ ရွေးရလွယ်အောင် မြေပုံစာရွက်၊ လက်ကမ်း ကြော်ငြာ စာရွက်တွေကို လေဆိပ်မှာကတည်းက ကြိုယူထားရင် မမှားဘူး။

           ဒစ္စနေးဥယျာဉ်ရဲ့ဘတ်(စ်)ကားဂိတ်ကနေ ဆင်းပြီး ၅ မိနစ် လမ်းလျှောက်လိုက်ရင် ဥယျာဉ် ရဲ့ဝင်ပေါက်ရှေ့ရောက်ပြီ။ အဲဒီရှေ့မှာ မစ်ကီ၊ ပလူတိုနဲ့ ဝေလငါး အရုပ် ကြီးတွေပါတဲ့ ရေပန်း အကြီးကြီးကကြိုဆိုနေတာဟာ အစဉ်သဖြင့် သစ် လွင်နေစေမယ့်နိမိတ်တွေအလားပေါ့။ ဥယျာဉ် ကြီးမှာ ဆော့စရာ၊ ကြည့်စရာ၊ သွားစရာ၊ ဝယ် စရာတွေက အများကြီးမို့ တစ်နေ့တည်း အချိန် လုံလုံလောက်လောက်နဲ့ စုံစုံလင်လင်လည်နိုင်ဖို့ လမ်းညွှန်မြေပုံနဲ့ အချိန်ညွှန်စာရွက်တွေကို အရင် ဆုံး သေသေချာချာ ကြည့်ရမှာပါ။ အချိန်ဇယား စာရွက်ထဲမှာ ဘယ်အချိန်မှာ ရှိုးပွဲတွေရှိတယ်၊ ဘယ်အချိန်ဆို ဒစ္စနေးဇာတ်ကောင်တွေက ဘယ် မှာ ဓာတ်ပုံအရိုက်ခံမယ်၊ ဇာတ်ကောင် အစုံနဲ့ သီချင်းတွေဆိုပြီး ချီတက်ကြမှာက ဘယ်အချိန်ဆို တာတွေသိထားမှ အချိန်ကိုက် ဘယ်အရင်သွား ရမလဲ၊ ဘယ်နဲ့နီးမလဲဆိုတာ ချင့်ချိန်လို့ရမှာ။ ဝယ်စရာဆိုင်တွေတွေ့ရင် လိုအပ်တဲ့ပစ္စည်းပဲ အရင်ဝယ်တာကောင်းတယ်။ နို့မို့ တစ်နေကုန် သယ်နေရမှာ။ ပြန်ခါနီးကျမှဝယ်တာ ပိုကောင်း တယ်။ အရင်ဦးဆုံး ဝယ်သင့်တဲ့ဟာက ဒစ္စနေး ဇာတ်ကောင်တွေ အော်တိုလက်မှတ်ထိုးဖို့ စာအုပ် နဲ့ ဘောပင်ပဲ။ အဲဒီအော်တိုစာအုပ်ရဲ့အတွင်း စာမျက်နှာတွေက ဖွင့်လိုက်ရင် ဘယ်ဘက်ခြမ်းက ကိုယ်နဲ့ ဇာတ်ကောင်တွေ ရဲ့ ဓာတ်ပုံထည့်ဖို့၊ ညာ ဘက်မှာက အဲဒီဇာတ်ကောင်ရဲ့အမှတ်တရစာနဲ့ လက်မှတ်ထိုးဖို့။ အံမယ် ဇာတ်ကောင်တိုင်းမှာ သီးသန့်လက်မှတ်တွေရှိတယ်။ ကိုယ်တွေလို လက်မှတ်ကို စိတ်ကူးတည့်သလို ထိုးတာမဟုတ်ဘဲနဲ့ လက်မှတ်အတွက် သီးသန့်ဒီဇိုင်းထွင်ထားတာရှင့်။

              ဝင်ဝင်ချင်းတွေ့ရမယ့် ရထားဘူတာရုံက နောက်ဆုံးမှ သွားစီးလည်းရတယ်။ ဒါမှမဟုတ် ဥယျာဉ်ထဲ မှာလည်ရင်း ဇာတ်ကောင်တွေနဲ့ ဓာတ်ပုံရိုက်ရတဲ့ ဖန်တက်စီ ဥယျာဉ်နားမှာလည်း တက်စီးလို့ရတဲ့ ဘူတာ နောက်တစ်ခုရှိပါသေး တယ်။ ဝင်ဝင်ချင်းတွေ့ရတဲ့ ဘူတာကျော်လိုက်ရင် ဘယ်ဘက်ခြမ်း မှာ ငွေ လဲကောင်တာ၊ ကလေး တွန်းလှည်းနဲ့ လူကြီးသူမတွေ၊ မသန်မစွမ်းတွေ အတွက် တွန်းလှည်းတွေ ငှားပေးတဲ့ City Hall နေရာရှိတယ်။ တစ်နေကုန်လည်ရမှာဆိုတော့ တချို့ကလေးငယ်တွေ အတွက် အရမ်း ပင်ပန်း တယ်။ မိဘတွေလည်း မောနေတော့ ဘယ်ပွေ့ ထားနိုင်မလဲ။ အဲဒီတွန်းလှည်းတွေကို ဝင်ကတည်းက ယူထားမှ။ နို့မို့မောမှ လာယူမယ်ဆို အဝေးကြီးပြန်လျှောက်လာရမှာ။ ကျွန်မတို့ သားအမိတစ်တွေ ဥယျာဉ်ဖွင့် ဖွင့် ချင်း မနက် ၉ နာရီခွဲရောက်တာတောင်မှ City Hall ရှေ့က ပန်းခြံထဲမှာ မစ်ကီ၊ မင်နီကြွက်စုံတွဲနဲ့ ဓာတ်ပုံ တွဲရိုက်ဖို့ တန်းစီနေတဲ့ လူတွေများလွန်း လို့ ဝင်တောင်မစီနိုင်ဘူး။ ဒစ္စနေးဥယျာဉ်ကြီးထဲ မှာ အပိုင်းကြီး သုံးပိုင်း ပြန်ခွဲကြည့်လို့ရတယ်။ အနာဂတ်ကမ္ဘာ(Tomorrow Land)၊ စိတ်ကူး ကမ္ဘာ(Fantasy Land)၊ စွန့်စွန့်စားစား တောတွင်းများ(Adventure Land) ဆိုပြီးတော့ပေါ့။

           အနာဂတ်ကမ္ဘာထဲမှာ သိပံ္ပဆန်တဲ့ အပြင် အဆင်နဲ့ ကစားနည်းတွေအစုံပဲ။ Toy Story ဇာတ်ကားထဲက Buzz Light Yearအရုပ်ကြီးက လည်း ဟန်ရေးတပြပြနဲ့ ဓာတ်ပုံအရိုက်ခံတယ်။ စကြဝဠာသဏ္ဌာန် အမှောင်ခန်းကြီးထဲမှာ အဆုံးမဲ့ ခရီးကို ယာဉ်ပျံတွေနဲ့သွားနေရင်း စကြဝဠာကြီးကို ကယ်တင်ရတဲ့ သူရဲကောင်းတွေအဖြစ် စိတ်ကူး ယဉ်ကစားလို့ရတဲ့ ကစားရုံကြီးကလည်း အကြီး ကြီးပဲ။ Stitch နဲ့ စကားရည်လုချင်ရင်လည်း ကြို တင်ဘွတ်ကင်လုပ်ထားပြီး တခြားနေရာတွေ အရင်လည်ပေါ့။ ရိုလာကိုစတာကြီးတစ်ခုကို လည်း အမှောင်ခန်းထဲမှာထားပြီး မျက်နှာကြက်၊ နံရံတွေမှာ မီးစုန်းတွေနဲ့ စကြဝဠာအသွင် ဆင် ယင်ထားတယ်။ မှောင်မှောင်နဲ့ မည်းမည်းထဲမှာ ရိုလာကိုစတာစီးရတာ စကြဝဠာထဲက Black Hole ထဲ အစုပ်ခံရတာနဲ့တောင် ဆင်နေမလား မသိဘူး။ ကြောက်လွန်းလို့ အော်ရတာ လည်ပင်း တောင်နာတယ်။ အဲသလောက် ရုပ်ပျက်ဆင်းပျက် အော်နေတဲ့ရုပ်ကို ဓာတ်ပုံရိုက်ပြီး ကွန်ပျူတာ နဲ့မှတ်တမ်းတင်ထားတော့ အထွက်မှာ ဒယိမ်း ဒယိုင်နဲ့ ကိုယ့်ပုံကိုယ် ပြန်ကြည့်ရင်း ရယ်ရတယ်။ လိုင်စင်မလိုဘဲ အမြန်နှုန်းနဲ့ ကားမောင်းချင်လား၊ ဝေဟင်ခရီးမှာ ကိုယ်တိုင်လေယာဉ်မှူး လုပ်ချင် လား၊ ပျော်စရာ ရေပန်းတွေ ကြား လျှောက်ပြေး မလား၊ အနာ ဂတ်ထဲရောက်နေသလို ခံစားသွား စေရမယ်Tomorrow Land့ ပါပဲ။ စိတ်ကူး ဥာဏ်ကွန့်မြူးပြီး အိပ်မက်နှစ်တွေ ဖန်တီးထား လိုက်တာများ စည်းစနစ်ရှိတဲ့ အနုပညာ တစ်ခုလို ပေါ့။ The Golden Mickeys’ဆိုတဲ့ ရှိုးပွဲက ဖန်တက်စီဥယျာဉ်ထဲက ပြဇာတ်ရုံမှာ တစ်နာရီ တစ်ခါ ကတယ်။ နာရီဝက်လောက်ကြာတဲ့ အဲဒီ ပြဇာတ် ကိုတော့ လက်မ လွတ်အောင် ကြည့်ရမှာ ပေါ့။ ဒစ္စနေးကုမ္ပဏီထုတ် အောင်မြင်တဲ့ကာတွန်း ကားတွေထဲက နာမည်ကြီး သီချင်းတွေနဲ့ ပေါ်ပြူလာ ဇာတ်ကောင်တွေအစုံ ကကြတာ၊ ဟာသ အဖြစ်အပျက်လေးတွေ တင်ဆက်ပေးတာဟာလည်း ပြီးပြည့်စုံတဲ့ ဖျော်ဖြေမှုတစ်ခုပါ။

          ပြဇာတ်ရုံက ထွက်လာပြီးရင် အဲဒီနားမှာရှိတဲ့ ပျော်စရာ ဥယျာဉ်ထဲက အဆောင်လေးတွေမှာ ဓာတ်ပုံအရိုက်ခံမယ့် ကာတွန်း ဇာတ်ကောင်တွေ က အိုက်တင် အမျိုးမျိုးနဲ့ စောင့်နေကြသလို ဓာတ်ပုံရိုက်မယ့် ပရိသတ်တွေကလည်း တန်းစီ ပြီး စောင့်နေရတာ ပါပဲ။ ဓာတ်ပုံရိုက်တဲ့အခါ ကိုယ့်မှာ ကင်မရာပါလာရင် အဲဒီနားမှာ အဆင်သင့်စောင့် နေတဲ့ဝန်ထမ်းကို ရိုက်ခိုင်းရုံပဲ။ မပါလာလည်း ကိစ္စမရှိဘူး။ သူတို့ ကင်မရာနဲ့ ရိုက်ပေးပြီး ရွေးဖို့ စလစ်လေးတွေ ပေးလိုက်တယ်။ အပြန်ကျမှ အဲဒီ စလစ်လေးတွေနဲ့ အနာဂတ် ကမ္ဘာနားက  Kodak ဓာတ်ပုံဆိုင်မှာ ရွေးယူရုံပါပဲ။ ဓာတ်ပုံရိုက်ပြီးတဲ့ အခါ အော်တိုရေးခိုင်းလည်းရတယ်။ အဲဒီစိတ်ကူးကမ္ဘာထဲမှာ ကျွန်မတို့ နှစ်ခါ ပြန်တောင် ဝင်ကြည့်မိတာက 3D မျက်မှန်နဲ့ ကြည့်ရတဲ့ ရုပ်ရှင်ပါ။ ပိတ်ကားက ၃ ပိုင်းဆက် သဘောမျိုး မြင်ကွင်း ကျယ် အကွေးကြီး။ 3Dမျက်မှန် တပ်ကြည့်တော့ ပိတ်ကားပေါ်က အရုပ တွေကကြွလာပြီး ကိုယ်ပါ သူတို့နဲ့အတူ ဇာတ်လမ်းထဲ ပါနေသလိုမျိုး၊ ထိုင်နေတဲ့ခုံကလည်း လိုအပ်ရင် လှုပ်ပေး တာ မျိုး၊ ရေစက်ရေမွှားနဲ့ အနံ့ အသက်တို့ကလည်း ထိုင်ခုံလက်ရန်းရဲ့ အနောက် ကနေ ထုတ်ပေးတာမျိုး လုပ်ပေးတော့ အတော် မျက်လှည့်ဆန်တာပဲ၊ ကြည့်လို့ကို မဝဘူး။ လွင့် လာတယ်လို့ထင် ရတဲ့ ကျောက်သံပတ္တမြားတွေ ကို ပရိသတ်လက်တွေက လိုက်ဖမ်းကြ၊ ပစ်ပေါက် လိုက်လို့ ကိုယ့်နားရောက်လာတယ်ထင်ရတဲ့ ပန်းကန်ပြားတွေ ကို ရှောင်ကြ၊ တိမ်းကြနဲ့ မရှိတာ ကို အရှိထင်ပြီး မဟုတ်တာကို အဟုတ် လုပ်နေတဲ့ လူ့သဘာဝကို ပိုပြီးထင် ဟပ်နေသလားလို့။ ဒီလောက် လည်ပြီးနေရင် ဗိုက်ကဆာလာပြီ။ စားသောက်ချိန်မို့ စားသောက်ဆိုင်တွေကို မကြည့်လိုက်နဲ့၊ လူတွေက အပြည့်ပဲ။ ကိုယ်တွေ ကလည်း ထိုင်စားဖို့တောင် စိတ်ပါတာမဟုတ်တော့ လမ်းဘေးဆိုင် အသေးလေးတွေ ကနေ ပြောင်းဖူးပြုတ်၊ ဆင်းဒွစ်နဲ့ အချိုရည်ဝယ်ပြီး စားရင်း၊ သွားရင်း၊ ငေးရင်း၊ မောရင်းနဲ့ မနှံ့လိုက်မှာ ကို စိုးရိမ်နေရော။ မော လို့ မောမှန်းသိပေမယ့် နားကို မနား၊ ဘယ်လောက်တောင် ဇော ကပ်နေသလဲဆိုတာ။

             နေ့လယ်ခင်းမှာပြလေ့ရှိတဲ့’Festival of Lion King ရှိုးပွဲက စွန့်စွန့်စားစားတောတွင်းထဲ မှာကြည့်ရမယ့်တဲ ပုံသဏ္ဌာန်ပြဇာတ်ရုံကြီးထဲမှာ ကတာလေ။ သူ့ပြချိန် နဲ့ ဝေးသေးရင် တောထဲက မြစ်တွင်းသင်္ဘောစီးမလား၊ သစ်ပင်ကြီးပေါ်က တာဇံရဲ့အိမ် သွားလည်မလားဆိုတာ စဉ်းစား လေ။ နှစ်နာရီတစ်ခါ ကတဲ့ အဲဒီပြဇာတ်ကို ပထမ ပွဲ မမီလည်း နောက်တစ်ပွဲပေါ့။ ပြသချိန်ကသာ နာရီဝက်ဆိုပေမယ့် နေရာဦးရတာနဲ့၊ တန်းစီရတာ နဲ့ဆိုတော့ အချိန်နည်းနည်းယူတယ်။ နေရာထိုင်ခင်း ကသာ တောတွင်း အပြင်အဆင်နဲ့ပေမယ့် ပြဇာတ်အတွက်သုံးတဲ့ ဆက်တင်တွေ၊ အရုပ်တွေ က နောက်ဆုံးပေါ်နည်းပညာတွေ သုံးထားတာ။ Lion King ထဲက တီးလုံးတွေ၊ ဇာတ်ကောင်တွေ နဲ့ လောကရဲ့သဘာဝကို တိရစ္ဆာန်တွေရဲ့ဘဝ စက်ဝန်းနဲ့ယှဉ်ပြီး ပြသွားတာဟာ ကြည့်နေတဲ့ ကလေးတွေရဲ့နှလုံးသားတွေကို ပုံသွင်းပေးနိုင်ပါ လိမ့်မယ်။ ဒီသီချင်းပြဇာတ်ကပေးတဲ့ ခံစားချက် က အနာဂတ်ကမ္ဘာရဲ့ပဲ့ကိုင်ရှင်တွေဖြစ်လာမယ့် ကလေးတွေရဲ့နှလုံးသားကို မာကျောမနေအောင်၊ ရဲရင့်မှု၊ မျှတမှု၊ စာနာမှု၊ ပျော်ရွှင် မှုတွေနဲ့ နေ တတ်အောင်လမ်းကြောင်းပေးနိုင်တယ်။

            တောတွင်းပြဇာတ်ရုံတဲထဲက ထွက်လာရင် တာဇံအိမ်ဆီသွားတဲ့မြစ်ဆိပ်ကလေးကိုရောက်မယ်။ အဲဒီမြစ်ဆိပ်ကနေ ဖောင်စီးပြီး ကျွန်းပေါ်မှာရှိတဲ့ သစ်ပင်အတု ကြီးပေါ်က တာဇံအိမ်ကိုသွားလို့ ရတယ်။ ကျွန်းပေါ်ရောက်ပြီဆိုရင် ရေတံခွန်ကြီး ကို ဖြတ်ပြီးမှ သစ်ပင်ကြီးအခြေကိုရောက်တာ။ အဲဒီအခြေမှာ ဟိုးခေတ်က အိုးတွေ၊ ပလုံးတွေ၊ စည်ပိုင်းတွေ၊ နွယ်ကြိုးတန်းလန်းတွေနဲ့ တာဇံ ကားထဲကလို ကပိုကရိုပြင်ဆင်ထားတယ်။ သစ်ပင်ပေါ်ကို သစ်သားလှေကား၊ ကြိုးတံတား တွေနဲ့ တာဇံအိမ်ပေါ် တက်တဲ့အခါ သူငယ်ငယ် တုန်းက ပုခက်၊ မျောက်ဝံကြီးနဲ့ သူ့ရဲ့ရုပ်တု၊ ဆရာမ လေးရုပ်တုတွေနဲ့ ပြင်ဆင်ထားတာကို တွေ့ရ မယ်။ အဲဒီလင့်စင်အိမ်ပေါ်ကနေ လှမ်းကြည့်ရင် ကိုယ်ရောက်ပြီးတဲ့နေရာတွေ၊ မရောက်ရသေးတဲ့ နေရာတွေကို အပေါ်စီးကနေမြင်ရမယ်။ အောက် ကို ငုံ့ကြည့်ရင် မြစ်တွင်းကနေ ကျွန်းကိုပတ်ပြီး စွန့်စားခန်းထွက်တဲ့ သင်္ဘောလေးတွေလည်း တွေ့ရမယ်။ အဲဒီသင်္ဘောလေးတွေစီးပြီး လူရိုင်းတွေရဲ့  နေရာ ၊ ကြောက်မက်ဖွယ် တောကြီးမျက်မည်း တွေကိုဖြတ်တဲ့ အခါ ရေမြင်းကြီးတွေ နဲ့ ရေလယ် ခေါင်မှာတွေ့ ရမှာဖြစ် သလို တောဆင်ရိုင်း ကြီး တွေ ရဲ့ နှာမောင်း နဲ့ရေပက်တာလည်း ခံရနိုင်တယ်။ လျှို့ဝှက်သောမြစ်ထဲက စွန့်စွန့်စားစား ခရီးသွား တွေဖြစ်ချင် ရင်တော့ စီးဖြစ်အောင်စီးပါ။ ခုပြော သလောက်ကတော့ အတော် စုံနေပြီ။ မြေပုံစာရွက်ကိုဖြန့်ကြည့်ပြီး ကိုယ်မသွားရသေးတဲ့ နေရာတွေ ပြန်ရှာကြည့်ရင်ကြည့်၊ ဒါမှမဟုတ် ကိုယ်ထပ်သွားချင်တဲ့ နေရာတွေ ကို ပြန်သွားလို့ရ တာပဲ။

ဒစ္စနေး ဇာတ်ကောင်အစုံ သီချင်းဆိုပြီး လမ်းတလျှောက် ချီတက်ပွဲကိုလည်း မေ့နေဦးမယ်နော်။ လမ်းဘေးတစ်လျှောက် လူတွေက ကြိတ်ကြိတ်တိုး မို့ နောက်ကနေ ကြည့်ရရင် ဓာတ်ပုံတော့ ကောင်းကောင်းရိုက်လို့ မရနိုင်ဘူး။ တောတွင်းကနေ ပြန် ထွက်လာပြီးရင် ဖန်တက်စီကမ္ဘာထဲက ဇာတ်ကောင်တွေရဲ့ ဥယျာဉ်ထဲ မှာ နောက်ထပ်ရောက်လာတဲ့ ဇာတ်ကောင်တွေနဲ့ ဓာတ် ပုံပြန်ထပ်ရိုက်ပေါ့။ ကျွန်မသားဆို ဒစ္စနေးရဲ့မင်းသမီးလေးတွေဖြစ်တဲ့ အောရိုရာ၊ စနိုးဝှိုက်တို့နဲ့လည်းတွေ့ရော ဖရဏာပီတိ ဂွမ်းဆီ ထိဖြစ်နေလိုက်တာများ Sleeping Beauty ထဲက မင်းသမီးလေး အော်ရိုရာက သားရဲ့နာမည် မးပြီး အော်တိုရေးတဲ့အခါ ‘ရော်ဘင့်အတွက် အချစ်များ’ လို့ရေးပေးလို့ ကိုယ်တော်က မနေတတ် မထိုင်တတ်တွေဖြစ်နေသေးတယ်။ လူကြိုက်များတဲ့ ဇာတ်ကောင်တွေနားဆို လူတွေက လျှံ ထွက်နေအောင် တန်းစီရတယ်။ တန်းစီရတာလည်း အချိန်တော့ နည်းနည်းကုန်တယ်။     သွားရင်းလာရင်း တချို့နေရာတွေမှာ အကြွေစေ့ထည့်ရင် ကြေးရောင်ကွိုင်ပြားဝိုင်းလေး ကျလာပြီး ကိုယ်လိုချင်တဲ့ပုံကို ချက်ချင်း မိုနဲ့ ဖိနှိပ် ပုံသွင်းပေး လိုက်တဲ့ ကွိုင်စက်ကလေးရှိတယ်။  ကိုယ်တိုင်နှိပ်လို့ထွက်လာတဲ့ ကွိုင်ပြားလေးက အပူပေး ဖိထား လို့ ထွက်လာရင် ပူနေမယ်။ အဲဒီ လို မျက်လှည့်ကွိုင်ပြားလေးတွေ ထုတ်ပေးတဲ့ စက်က ၁ဝ ခု လောက်ရှိတယ်။ စက်တစ်ခု မှာ အရုပ် ၃ မျိုးရတယ်။ စက်တစ်ခုနဲ့ တစ်ခုမှာပါတဲ့ အရုပ် တွေက မတူဘူး။ အဆင်သင့် ပုံသွင်းပြီးသား ကွိုင် တွေအစုံကို အယ်လ် ဘမ်ထဲ ထည့်ပြီး ရောင်းတာ လည်းရှိပါတယ်။ ကိုယ်တိုင်လုပ်ရတဲ့ဖီလင် လိုချင် တတ်တဲ့ ကလေးတွေကတော့ သူတို့ ကိုယ်တိုင် စက်ကို နှိပ်ရမှ ကျေနပ်ကြတာ။ စိတ်ဝင်စားစရာတွေက များလွန်းလို့ အချိန် ဘယ်လိုကုန်သွားလည်း ဆိုတာတောင် မသိလိုက်ရဘူး။ မှောင်ရီပျိုး လာချိန်မှာပဲ ရောင်စုံအလှဆင် မီးတွေထွန်းထားလို့ သက်တံ့ရောင်တွေကြားထဲ မှာ ပိုလှနေသလားတောင် ထင် ရတယ်။ စတိုး ဆိုင်တွေ ရှိနေတဲ့ အဝင်မိန်းလမ်း တစ်လျှောက် မှာလည်း နှင်းမှုန်တွေ တဖွဲဖွဲကျနေအောင် စက်တွေနဲ့ မှုတ်ချပေးနေ ပြီး ခရစ္စမတ် သီချင်းတီးလုံး လေးတွေလည်း ဖွင့်ထားလို့ ခရစ္စမတ်သစ်ပင်ကြီး ထိပ်က ကြယ်အလင်းက ဝင့်ကြွားလို့ ညချမ်း အလှကို ဖြည့်စွက် ထားတယ်။

            မနက် ၉ နာရီခွဲ ကတည်းက လည်လိုက်တာ ည ၈ နာရီခွဲလည်းရောက်ရော မမောခံနိုင်ရိုးလား။ ကိုယ့်ကိုယ်ကို  မသယ်နိုင်တော့မှ ပြန်ဖို့သတိရပြီး မိန်းလမ်းမကြီး ဆီ ခြေဦးလှည့်ကြတာပေါ့။ မိန်းလမ်းမကြီးတစ်လျှောက် ဘေးဘယ်ညာမှာရှိတဲ့ စတိုင်းဆိုင်တွေကလည်း ဒစ္စနေးကုမ္ပဏီထုတ် အရုပ်၊ အသုံး အဆောင်တွေ ရောင်းနေရ တာများ အလကား ဝေနေသလိုပဲ။ ကလေးတွေ လိုချင်တာဝယ်ပေး၊ အပြန်လက်ဆောင်ပေးချင်တာ တွေလည်း ဝယ်ပြီးတော့မှ ပစ္စည်းအားလုံးကို ဒစ္စနေးတံဆိပ်ပါတဲ့ ဆာလာအိတ်ကြီးထဲ ထည့်လွယ်ပြီး နောက်ဆုံးတစ်ခုကျန်တဲ့ ရထားပတ်စီး ခြင်းအမှုကိုပြုရတယ်။ ရထားပေါ်ရောက်တော့မှ ခြေပစ်လက်ပစ်ထိုင်ရင်း အသက်ကို မှန်မှန်ရှူ လို့ ကိုယ်ပတ်ခဲ့တဲ့ ဥယျာဉ်ကြီးတစ်ခုလုံးကို မခွဲချင် သေးတဲ့အကြည့်တွေနဲ့ ငေးကြည့်ရင်း ဒစ္စနေးနဲ့ ပတ်သက်တဲ့ အတွေးတွေကတော့ အတိတ် ရထားကြီးနဲ့အတူ လိုက်ပါရင်း…။
            ဝေါ့ဒစ္စနေးကုမ္ပဏီကြီး မထူထောင်ခင် ကတည်းက ဝေါ့ဒစ္စနေးနဲ့ ရွိင်းအိုဒစ္စနေး ညီအစ်ကို နှစ်ဦးဟာ ‘အဲလစ်’ အသံတိတ် ဟာသကာတွန်း ကားကို ၁၉၂၃ ခုနှစ်မှာ တီထွင်ခဲ့ကြတယ်။ ၁၉၂၈ ခုနှစ်မှာတော့ မစ်ကီမောက်(စ်)ဆိုတဲ့ ကြွက်ဇာတ်ကောင်လေး ကို ဖန်တီးလာခဲ့တာ ‘ကြွက်သေတစ်ခု အရင်းပြုလို့ ချမ်းသာသွားသူ’ ဆိုတဲ့ပုံပြင် ထက် ကျော်လွန်ကာ ဒီကြွက်ရုပ်လေးက အကျိုးပေးလာပုံများ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဒစ္စနေးပိုင်လုပ်ငန်းတွေကနေ တစ်နှစ်ကို အမြတ် ဘီလျံဒေါ်လာ ၃ဝ ရနေတဲ့ အထိအောင်ပါပဲ။ သူတို့ညီအစ်ကိုဟာ အမေရိကန်နိုင်ငံ စီးပွားရေး မငြိမ်မသက်ဖြစ်နေချိန် ၁၉၃၇ ခုနှစ်မှာတောင် ‘မနှင်းဖြူနဲ့ လူပုလေးခုနစ်ယောက်’ ဇာတ်လမ်းကို အမြတ်ကျန်အောင် ရိုက်နိုင်ခဲ့တယ်။ ဒုတိယကမ္ဘာ စစ်ကြီးဖြစ်လာလို့ အစိုးရအတွက် စိတ်ဓာတ်လှုံ့ ဆော်ရေးကားတွေ ရိုက်နေရချိန်မှာတောင် ဆင်ပျံကလေး “Dumbo” ဇာတ်ကားက ပေါက် ကားအဖြစ် မြတ်တာပဲ။ ၁၉၁၁ ခုနှစ်မှာမှ ဒစ္စနေးကုမ္ပဏီကြီးကို ထူထောင်ထားပြီး ကယ်လီ ဖိုးနီးယားမှာ Disney Land Resortကို ၁၉၅၅ ခုနှစ်မှာ စဖွင့်ခဲ့တာ။

           ကမ္ဘာ့အကြီးဆုံးမီဒီယာနဲ့ ဖျော်ဖြေမှုထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဒစ္စနေးကုမ္ပဏီမှာ ရွိင်းအိုဒစ္စနေးရဲ့သား ရွိင်းအီးဒစ္စနေးက ရှယ်ယာ အများဆုံးပိုင်ဆိုင် ထားပါ တယ်။ ဒစ္စနေးကုမ္ပဏီပိုင် စတူဒီယို၊ ရုပ်သံတီဗီလိုင်း၊ ပန်းခြံ၊ ကစားကွင်း၊ ဟိုတယ်၊ အရုပ်ဆိုင်၊ အသုံးဆောင်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ အပျော်စီး သင်္ဘော များထောင်ပြီး လုပ်ငန်းလည်ပတ်နေတာ အမြတ်က လည်ပတ် ငွေရဲ့ ၁၆ ရာခိုင်နှုန်းတောင်ဆိုပဲ..။ ခုတော့ ဒစ္စနေးကုမ္ပဏီကြီးဟာ ဖျော်ဖြေရေးတွေမှာ အခြားကုမ္ပဏီကြီးတွေဖြစ်တဲ့ MGM၊ Dream Work၊ Pixar ၊Fox၊ Warner Brothersတွေနဲ့ ပူးပေါင်းလို့ ပိုကောင်းတဲ့ တင်ဆက်မှုတွေဖြစ် အောင် ကြိုးပမ်းလျက် ရှိနေပါ တယ်။ဒစ္စနေးရဲ့ထူးခြားချက်က ရိုက်တဲ့ကားတိုင်း ရဲ့ ဇာတ်လမ်းစိတ်ကူးဆန်းပြားမှု၊ စိတ်နယ်လွန် ဖြစ်ရပ်တွေကို လှပစွာ ယဉ် ယဉ်လေးပြနိုင်မှု၊ လူ တွေနဲ့ရိုက်ပြလို့ မလွယ် တဲ့ဇာတ်တွေကို စိတ်ကူးရှိ သလောက် ဖန်တီးပြနိုင်မှု၊ ပြိုင်ဘက်တွေနဲ့ ပြိုင်ဆိုင်ဖို့ ထက် ပရိသတ်အတွက် ပေးဆပ်မှုတွေကို သာ စဉ်းစားတတ်တဲ့ ကုမ္ပဏီ ပါ။ စေတနာ နဲဆောင်ရွက်မှုကို ပေါင်းစပ်နိုင်ပြီး အများအကျိုး သယ်ပိုးတဲ့ ကုမ္ပဏီ လည်း ဖြစ်ပြန်ပေါ့။ သူတို့ ကုမ္ပဏီရဲ့ဇာတ်ကားတွေဟာ အကယ်ဒမီဆုနဲ့ လွဲခဲပါတယ်။ သူ့ဇာတ်ကား တိုင်းက ဇာတ်ကောင် တွေကလည်း ပေါက်ကောင်အရုပ်တွေဖြစ်လာ၊ ကလေးတွေ ဆော့ဖို့ ဂိမ်းဇာတ်ကောင်တွေဖြစ် လာနဲ့ အားရစရာကြီး။

    သူ့ဇာတ်ကားတိုင်းရဲ့ ဇာတ်ဝင်သီချင်းတော် တော်များများကလည်း ကမ္ဘာကျော်တွေချည်း။ အဆိုတော်တွေကလည်း ကမ္ဘာကျော်တွေကိုပဲ သုံးတာများတယ်။ စင်ဒရဲ လားကားထဲမှာဆို ‘Sing Sweet Nightingale’၊ So this is Love” သီချင်းတွေ၊ ‘ Lion King’ကားထဲမှာဆို ”Can you feel the love tonight ၊Circle of Life၊ Hakuna Matata၊ သီချင်းတွေက အလွတ်ကျက် ချင်စရာပဲ။ ဒီလိုအောင်မြင်မှုတွေဟာ တစ်ဦး တစ်ယောက်တည်း တော်ခြင်းကြောင့်ဖြစ်လာတာ မဟုတ်ဘဲ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ကို အကောင် အထည်ဖော်နိုင်ကြလို့ပါ။ သာမန်အရုပ်လေးတွေ ကနေ ကမ္ဘာကျော်ဇာတ်ရုပ်တွေဖြစ်လာတဲ့ စွမ်းပကား ရဲ့နောက်ကွယ်က ပူးပေါင်းအားထုတ်မှု တွေက အတုယူစရာတွေပါ။ ရုပ်ခန္ဓာကြီး စီးနင်းလိုက်ပါလာတဲ့ ရထား က မိန်းလမ်းထိပ်က ဘူတာမှာရပ်လိုက်တော့မှ အတွေးတွေ စီးမျောနေတဲ့ မနောအာရုံထဲက အတိတ်ရထားကြီးလည်း တစ်ခန်း ရပ်သွားတော့ တယ်။ ရထားပေါ်က ဆင်းလိုက်တာနဲ့ ဘူတာရုံ ရဲ့အပေါ်ထပ်မို့ အဲဒီကနေပဲ ဥယျာဉ် ထဲက ရောင်စုံအလှဖြာနေတဲ့ ရဲတိုက်တွေ၊ ကစားကွင်း တွေကို အားပါး တရ ထပ်ကြည့်လိုက်တယ်။ ပြီး တော့မှ အောက်ထပ်ဆင်းပြီး ဝင်လာခဲ့တဲ့ အပေါက်ကို ပြန်ထွက် ကြတယ်။ မနက်ဝင်လာ တုန်းက ရေပန်းကြီးလည်း ည ဆိုတော့ ရေလွှာ ကိုဖောက်ထွက်လာတဲ့ မီးရောင်တွေနဲ့ တစ်မျိုး လှနေရောပဲ။ ဘယ်တော့မှ ပြန်လာဖြစ်မယ်မှန်း မသိတဲ့ ဒီနေရာတွေကို တစ်ချက်ကြည့်ရင်း ဒစ္စနေး ဆာလာအိတ်ကြီး ကိုလွယ်လို့ သားနဲ့ သမီးလက်ကိုဆွဲကာ ဘတ်(စ်)ကားဂိတ်ရှိရာ သုတ်ချေတင်ရပြန်တာပေါ့။ ‘ငါဟဲ့ မိန်းမ’လို့ အားတင်းရင်း အမှောင်ထုထဲမှာ သားနဲ့ သမီး လက်တွေကို အားပါးတရဆုပ်လို့ လျှောက်နေချိန် မှာတော့ သားသမီးအပေါ်ရှိနေတဲ့ မေတ္တာအင် အားထုထည် ဟာ ဘယ်လိုအမှောင်ထုမျိုးကိုမဆို တွန်းလှန်နိုင်စွမ်း ရှိနေပါရော့လား ဆိုတာ ကိုယ့်ဘာသာပဲ သတိထားမိလိုက်တယ်လေ..။
ငွေသော်တာ